မော်တင်စွန်းဘုရားက ရခိုင်ပညာရှိအမတ် မဟာပညာကျော်ရဲ့ အုတ်ဂူကို လာရောက် ကန်တော့သူတွေနဲ့ အဓိဋ္ဌာန်ဝင်နေသူတွေကို မှတ်တမ်းတင် ထောက်လှမ်းဖို့ စစ်အုပ်စု ညွှန်ကြားထား

Author CJ Platform
Categories
Published on Feb 18, 2026

မော်တင်စွန်းဘုရားပွဲတော် ကာလအတွင်း ဘုရားပြင်တော်အနီးက ရခိုင်လူမျိုး ပညာရှိအမတ် မဟာပညာကျော်ရဲ့ အုတ်ဂူကို ငုံပြီး တည်ဆောက်ထားတဲ့ စေတီတော်မှာ လာရောက် အဓိဋ္ဌာန်ဝင်သူတွေနဲ့ ကန်တော့သူတွေကို မှတ်တမ်းတင်ထားပြီး ထောက်လှမ်းဖို့ စစ်အုပ်စုက လျှို့ဝှက်ညွှန်ကြားထားတယ်လို့ CJ Platform ရဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

 

သက္ကရာဇ် ၁၅၉၈ မှာ နန္ဒဘုရင်ကို ခုခံဖို့ တောင်ငူမင်းက ရခိုင်မင်းထံကို စစ်ကူတောင်းခံရာမှာ ရခိုင်မင်း မင်းရာဇာကြီးက လက်စွဲတော် အမတ်ကြီး မဟာပညာကျော်နဲ့အတူ ဟံသာဝတီကို စစ်ချီ အောင်နိုင်ခဲ့ပြီးနောက် သက္ကရာဇ် ၁၅၉၉၊ ရခိုင်ပြည် အပြန်ခရီး မော်တင်စွန်းအငူအနီးမှာ မဟာပညာကျော် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ မဟာပညာကျော်ရဲ့ အုတ်ဂူကိုတော့ မော်တင်စွန်းစေတီတော်ကြီးအနီးမှာ တည်ဆောက်ခဲ့ပြီး အနီးမှာ အထိမ်းအမှတ် အဆောင်ငယ်လေးကိုပါ တည်ဆောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မဟာပညာကျော်ရဲ့ အုတ်ဂူကို ငုံပြီး စေတီတည်ဆောက်ခဲ့ပြီးနောက် ရခိုင်လူမျိုးတွေ လာရောက် ကန်တော့ဆုတောင်းတဲ့ နေရာတစ်ခု ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

 

“မင်းအောင်လှိုင်က ယတြာတွေ အရမ်းယုံတာလေ။ ရခိုင်ဘုရင်ရဲ့ ခေါင်းလောင်းကြီးလည်း ပြန်ဖော်တွေ့တယ်ဆိုတော့ မဟာပညာကျော်ရဲ့ စေတီကိုပါ စောင့်ကြည့်ခိုင်းထားတာ။ ဘုရားပွဲရက် လူများတော့ သူတို့ လွတ်သွားမှာစိုးလို့ ကင်းပုန်းပါ စောင့်ခိုင်းပြီး စောင့်ကြည့်ခိုင်းတဲ့ သဘောပဲ” လို့ အဲဒီအကြောင်းကို သိရှိထားသူ CJ Platform ရဲ့ သတင်းအရင်းမြစ်က ပြောပါတယ်။

 

မဟာပညာကျော်ဟာ ရခိုင်သက္ကရာဇ် ၈၅၀ ပြည့်နှစ်၊ ကဆုန်လပြည့်နေ့မှာ မွေးဖွားခဲ့သူဖြစ်ပြီး ငယ်နာမည် မြတ်သာထွန်း ဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ မဟာပညာကျော်ဟာ ဓညဝတီခေတ်ရဲ့ ပညာရှိမျိုးရိုးကနေ ဆင်းသက်လာခဲ့သူဖြစ်ပြီး ငယ်စဉ်က မြောက်ဦးမြို့တော် တောင်ညိုကျောင်းတိုက် အဂ္ဂစိန္ဒေယျကျောင်းမှာ ပညာသင်ကြားခဲ့ပြီးတော့ အသက် ၂၀ အရွယ်မှာတော့ အိန္ဒိယပြည် ဗာရာဏသီတက္ကသိုလ်မှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီးပွားရေးနဲ့ စစ်ရေးပညာတွေကို လေ့လာဆည်းပူးခဲ့တယ်လို့ သိရပါတယ်။

 

အိန္ဒိယမှာ ၃ နှစ်ခန့် ပညာသင်ကြားပြီးနောက် ရခိုင်ပြည်ကို ပြန်လာခဲ့ပြီး ဂဇာပတိမင်းလက်ထက်မှာ အမတ်ငယ်အဖြစ် မင်းမှုတာဝန်တွေကို စတင်ထမ်းဆောင်ခဲ့ကာ နက္ခတ်ပျို့၊ ၁၂ ရာသီရတု၊ စစ်ထိုးယန္တရား အတတ်ပညာကျမ်း၊ ရာဇဝသတီကျမ်းတွေကိုလည်း ပြုစုခဲ့သူ ဖြစ်ပါတယ်။ တရားစီရင်ရေးမှာ လွန်စွာ ဖြောင့်မတ်ခဲ့တာကြောင့် ပညာရှိအမတ်ကြီးအဖြစ် လေးစားသမှု ပြုခံခဲ့ရသူ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Zaw Aye Maung

#CJPlatform #မဟာပညာကျော် #မော်တင်စွန်း