ရှေးရိုးစွဲ ဖွန်ဂျိုင်ထိုင်းပါတီ ဘာကြောင့် မဲအများဆုံး အနိုင်ရခဲ့သလဲ

Author CJ Platform
Categories
Published on Feb 09, 2026

ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာတော့ လက်ရှိအာဏာရအစိုးရ ရှေးရိုးစွဲ ဖွန်ဂျိုင်ထိုင်းပါတီ (Phumjaithai) က လွှတ်တော်အမတ်နေရာ ၁၉၀ ကျော်နဲ့ အပြတ်အသတ် ဦးဆောင်နေပြီး လူငယ်တွေ ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲရေးပါတီ ပြည်သူ့ပါတီ (People’s Party) ကတော့ ၁၁၀ ကျော်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။

 

ထိုင်းနိုင်ငံရဲ့ အင်အားအကြီးဆုံးပါတီတွေဖြစ်တဲ့ ဖွန်ဂျိုင်ထိုင်းပါတီ၊ ပြည်သူ့ပါတီနဲ့ ဖွေထိုင်းပါတီတွေရဲ့ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးမှုတွေနဲ့အတူ မနေ့က ဖေဖော်ဝါရီ ၈ ရက်မှာ ရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့တာလည်း ဖြစ်ပါတယ်။

 

ထိုင်းရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရလဒ်ကို တရားဝင် ထုတ်ပြန်လာတာမျိုး မရှိသေးပေမယ့် အနုတင် ချန်ဗီရာကူလ် (Anutin Charnvirakul) ရဲ့ ပါတီကတော့ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိထားတာကြောင့် ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ပြင်ဆင်နေပါပြီ။

 

၂၀၂၃ ခုနှစ် ရွေးကောက်ပွဲက အမတ်နေရာ ၇၁ နေရာ ရရှိခဲ့ပြီး ပါတီငယ်တစ်ခုအနေနဲ့သာ ရှိခဲ့တဲ့ ဖွန်ဂျိုင်ထိုင်းပါတီဟာ ၂၀၂၆ ခုနှစ် ရွေးကောက်ပွဲမှာတော့ မဲအများဆုံးနဲ့ အနိုင်ရရှိခဲ့တာဟာ ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တိုက်ပွဲတွေ ဖြစ်ပွားနေချိန် ထိုင်းအမျိုးသားရေးစိတ်ဓာတ်ကို အဓိကထားပြီး လှုံ့ဆော်စည်းရုံးနိုင်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီလက လက်ရှိဝန်ကြီးချုပ် အနုတင်က ထိုင်းပြည်သူတွေနဲ့ ဘန်ကောက်မြို့မှာ တွေ့ဆုံချိန် ရွေးကောက်ပွဲမှာ မျိုးချစ်စိတ်ရှိသူတိုင်း ဖွန်ဂျိုင်ထိုင်းပါတီကို မဲပေးရွေးချယ်သင့်တယ်လို့ ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။

 

“ထိုင်းနိုင်ငံရဲ့ လုံခြုံရေးအတွက် ကျွန်တော့်အသက်နဲ့ထပ်တူ ကာကွယ်သွားမယ်လို့ အားလုံးကို ကတိပြုပါတယ်။ အမိမြေကို ကာကွယ်ဖို့အတွက် ဖွန်ဂျိုင်ထိုင်းပါတီကိုပဲ ရွေးချယ်လိုက်ပါ” လို့ အသက် ၅၉ နှစ်အရွယ် အနုတင်က ပြောကြားခဲ့တာပါ။

 

ဒါ့အပြင် ဖွန်ဂျိုင်ထိုင်းပါတီ အနိုင်ရရှိခဲ့ရင် ဘုရင်စနစ်နဲ့ ထိုင်းစစ်တပ်ရဲ့ အခန်းကဏ္ဍကို နဂိုအတိုင်း ဆက်ရှိနေစေရမယ်လို့ ဝန်ကြီးချုပ်က ထပ်မံကတိပြု ပြောကြားထားပါသေးတယ်။

 

နယ်စပ်အရေးတင်းမာမှုတွေနဲ့အတူ အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံတဲ့ မဲဆွယ်စည်းရုံးမှုတွေအပါအဝင် ဖွန်ဂျိုင်ထိုင်းပါတီကို အမာခံထောက်ခံတဲ့ တောင်ပိုင်းကျေးလက်ဒေသတွေက မဲဆန္ဒရှင်တွေကိုလည်း စည်းရုံးရယူနိုင်ခဲ့တာကြောင့် မနေ့က ရွေးကောက်ပွဲမှာ အနုတင်ပါတီက ဦးဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

“အမျိုးသားရေးစိတ်ဓာတ်ဟာ ကျွန်တော်တို့ ပါတီဝင်တိုင်းရဲ့ နှလုံးသားမှာ စွဲစွဲမြဲမြဲ ရှိနေတာပါ။ အခု ရွေးကောက်ပွဲမှာ ကျွန်တော်တို့ မျှော်လင့်ထားတာထက် ပြည်သူတွေက ကျွန်တော်တို့ကို ထောက်ခံခဲ့တာပါ” လို့ သူက ဆက်ပြောပါတယ်။

 

ရွေးကောက်ပွဲအကြိုစစ်တမ်းမှာတော့ လူငယ်တွေ ဦးဆောင်ပြီး ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ People’s Party အနိုင်ရရှိနိုင်တယ်လို့ ယူဆထားခဲ့ကြသလို အရင်က လူကြိုက်များ ထင်ရှားခဲ့တဲ့ ဖွေထိုင်းပါတီအနေနဲ့ မဲအရေအတွက် အများအပြား ရရှိနိုင်တယ်လို့ ရှုမြင်ထားခဲ့ကြပါတယ်။

 

“ဒါက ရှေးရိုးစွဲပါတီအုပ်စုနဲ့ တိုးတက်ပြီး ပြုပြင်ပြောင်းလဲရေးအမြင်ရှိတဲ့ ပါတီအုပ်စုတွေကနေ ထိုင်းပြည်သူတွေက ဘယ်သူ့ကို ရွေးချယ်မလဲ ဆိုတာပါပဲ” လို့ Sukhothai Thammathirat တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ Yuthaporn Issarachai က Nikkei Asia နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါသေးတယ်။

 

ထိုင်းအစိုးရသစ် ဖွဲ့စည်းနိုင်ဖို့အတွက် အောက်လွှတ်တော်ကိုယ်စားလှယ် ၅၀၀ ထဲက ထောက်ခံမဲ ၂၅၁ မဲ ရရှိဖို့ လိုအပ်တာကြောင့် ဖွန်ဂျိုင်ထိုင်းပါတီအနေနဲ့ ကနဦးမဲရလဒ်တွေအရ ကိုယ်စားလှယ် ၅၀ ကျော်ရဲ့ ထောက်ခံမဲ လိုအပ်နေသေးတဲ့အတွက် တခြားပါတီတွေနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ပြင်ဆင်နေတာတွေလည်း ရှိနေပါတယ်။

 

ရွေးကောက်ပွဲ မဲအရေအတွက် ၉၅ ရာခိုင်နှုန်းအထိ ရေတွက်ပြီးချိန်မှာတော့ People’s Party ခေါင်းဆောင် နာတာဖောင် (Natthaphong) ကတော့ သူတို့ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့ပြီး သူတို့ပါတီကို မဲပေးခဲ့သူတွေအပါအဝင် ထိုင်းပြည်သူတွေ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

 

ဓာတ်ပုံ – The Reporte

Ref: Reuters, Khaosod, Nikkei Asia