မီတာခ တစ်ယူနစ် ၉၀၀ ကျပ်ကို သဘောတူကြောင်း လက်မှတ်ထိုးဖို့ စက်မှုဇုန်လုပ်ငန်းရှင်တွေကို စစ်အုပ်စု ဖိအားပေး

Author CJ Platform
Categories
Published on Feb 05, 2026

မန္တလေးတိုင်းထဲက စက်မှုဇုန်တွေမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မီတာခ တစ်ယူနစ် ၉၀၀ ကျပ်နှုန်း ကောက်ခံမယ့်အပေါ် သဘောတူကြောင်း လက်မှတ်ထိုးကြဖို့ စစ်အုပ်စု လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဉာဏ်ထွန်းက ဖိအားပေးပြောဆိုမှုတွေ ရှိလာပါတယ်။

 

မနေ့က ဖေဖော်ဝါရီ ၄ ရက်မှာ ဦးဉာဏ်ထွန်းက မန္တလေးတိုင်း စက်မှုဇုန်တာဝန်ရှိသူတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တာဖြစ်တယ်လို့ ဒီနေ့ထုတ် စစ်အုပ်စုလက်အောက်ခံ သတင်းစာတွေမှာ ဖော်ပြထားတာပါ။

 

စက်မှုဇုန်လုပ်ငန်းတွေအတွက် မီတာခကို စီးပွားရေးနှုန်းထား (Economic Rate) တစ်ခုသတ်မှတ်ပြီး တစ်ယူနစ် ကျပ် ၇၀၀ ကနေ ၉၀၀ ကျပ်အထိ တိုးမြှင့်ကောက်ခံမှုအပေါ် ကုန်ကျစရိတ် ပိုမိုတိုးမြှင့်လာတာကြောင့် အခက်အခဲတွေ ရှိနေကြောင်း ရွှေပြည်သာစက်မှုဇုန် အထည်ချုပ်စက်ရုံက မန်နေဂျာတစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။

 

“အဲဒီ LNG စနစ်က ဒီလ ၁ ရက်နေ့ကတည်းက စနေပြီ။ အရင်က မီတာဆောင်ရင် တစ်လ ကျပ်သိန်း ၁,၀၀၀ ကျော်တယ်။ အခုနှုန်းနဲ့ဆို တစ်လမီတာခက ကျပ်သိန်း ၃,၀၀၀ လောက် ဖြစ်မလားပဲ။ ကျွန်မတို့ စက်ရုံသူဌေးလည်း အတော်လေး ညည်းတွားနေပြီ။ မီးပြတ်တဲ့အခါ မီးစက်မောင်းဖို့အတွက် လစဉ်ဆီဝယ်ရတာကလည်း ကျပ်သိန်းရာနဲ့ချီ ကုန်တယ်” လို့ အထည်ချုပ်စက်ရုံ မန်နေဂျာက ပြောပါတယ်။

 

စစ်အုပ်စု လျှပ်စစ်ဝန်ကြီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ စက်မှုဇုန် စီးပွားရေးလုပ်ငန်းရှင်တို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက် တွေ့ဆုံပွဲမှာ မီတာခနှုန်းထား တိုးမြှင့်မှုနဲ့ ပတ်သက်ပြီး စက်မှုဇုန်တွေကို ၂၄ နာရီ လျှပ်စစ်မီးပေးသွားမယ်လို့ ပြောဆိုထားပြီး လက်ရှိတိုးမြှင့်ကောက်ခံတဲ့ တစ်ယူနစ် ၉၀၀ ကျပ်နှုန်းကို ၂ နှစ်အတွင်း ဈေးနှုန်းမပြောင်းလဲဘူးလို့ ပြောဆိုကြောင်း အစည်းအဝေး တက်ရောက်ခဲ့တဲ့ စက်မှုဇုန် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။

 

သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas – LNG) နဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်တာဟာ ကုန်ကျစရိတ်များပြားပေမယ့် ကုန်ထုတ်စွမ်းအား တိုးတက်စေဖို့နဲ့ စက်မှုဇုန်တွေ အချိန်ပြည့်လည်ပတ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး LNG လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကနေ ၅၀၀ မဂ္ဂါဝပ်ရရှိအောင် လုပ်ဆောင်ထားတယ်လို့ ရန်ကုန်တိုင်း စက်မှုဇုန်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံချိန် စစ်အုပ်စုဝန်ကြီးက ပြောဆိုခဲ့ပါသေးတယ်။

 

အများပြည်သူကို လျှပ်စစ်မီး တစ်ရက်ကို နာရီ ၂၀ ပေးမယ်လို့ စစ်အုပ်စုက အစည်းအဝေးအတွင်းမှာ ပြောဆိုခဲ့ပြီး ရပ်ကွက်တွေအတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

 

ဓာတ်ပုံ – YESC

 

 

Related News

Depend on news