ICJ မှာ တရားရင်ဆိုင်နေရတဲ့ စစ်အုပ်စုက လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်ကို ရှောင်လွှဲနိုင်ဖို့ ဝါဒဖြန့်ချိရေးကော်မတီ ဖွဲ့စည်း

Author CJ Platform
Categories
Published on Jan 30, 2026

စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ အကြမ်းဖက်မှုတွေနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားရင်ဆိုင်နေရတဲ့ စစ်အုပ်စုက သူတို့ကို စွပ်စွဲပြစ်တင်နေမှုတွေကနေ ရှောင်လွှဲနိုင်ဖို့ ဝါဒဖြန့်ချိရေးကော်မတီတစ်ခုကို ဖွဲ့စည်းလိုက်တယ်လို့ ဒီနေ့ ဇန်နဝါရီ ၃၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

 

စစ်အုပ်စု ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့် ဦးဆောင်တဲ့ “ICJ ၌ တရားရင်ဆိုင်ခြင်းဆိုင်ရာ သတင်းအထောက်အကူပြုကော်မတီ” ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး စစ်အုပ်စု နိုင်ငံခြားရေး၊ ပြန်ကြားရေး၊ ဥပဒေရေးရာဝန်ကြီးဌာနတို့က ဒုဝန်ကြီးတွေအပါအဝင် အဖွဲ့ဝင် ၁၂ ဦးနဲ့ ကော်မတီကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

 

ICJ မှာ တရားရင်ဆိုင်နေရချိန် ဒီကော်မတီအနေနဲ့ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ မီဒီယာတွေနဲ့ ပြည်တွင်းပြည်ပ မိတ်ဖက်မီဒီယာတွေကနေတစ်ဆင့် စစ်အုပ်စုအပေါ် စွပ်စွဲပြစ်တင်မှုကို လျင်လျင်မြန်မြန် တုံ့ပြန်ဖြေရှင်း ဆောင်ရွက်ဖို့ကို အဓိကထားဖော်ပြထားပြီး လူမှုကွန်ရက်စာမျက်နှာတွေကနေလည်း နည်းလမ်းမျိုးစုံနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။

 

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့က ICJ တရားရုံးမှာ စစ်အုပ်စုကိုယ်စားပြု သမ္မတရုံးဝန်ကြီးဌာန (၂) ဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ဥပဒေရေးရာဝန်ကြီး ဒေါ်သီတာဦးတို့က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တရားရင်ဆိုင်နေချိန် စစ်အုပ်စုအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို လုပ်ဆောင်ခဲ့တာမရှိဘဲ နယ်မြေရှင်းလင်းရေးလုပ်ငန်းစဉ်ကိုသာ လုပ်ဆောင်တယ်လို့ တုံ့ပြန်ချေပထားပါတယ်။

 

မြန်မာနဲ့ ဂမ်ဘီယာနိုင်ငံတို့က ICJ တရားရုံးမှာ နှစ်ဖက်ကြားနာမှုတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်ကနေ မနေ့က ဇန်နဝါရီ ၂၉ ရက်အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက် နှစ်ဖက်အပြန်အလှန် လျှောက်လဲချက်တွေအပေါ် ICJ တရားသူကြီးတွေအနေနဲ့ ဆုံးဖြတ်ချက်ချဖို့အတွက် ညှိနှိုင်းတိုင်ပင်မှုတွေ စတင်လုပ်ဆောင်တော့မယ်လို့ မနေ့က ထုတ်ပြန်ထားပါသေးတယ်။

 

ဓာတ်ပုံ – ICJ

 

Related News

Depend on news