ဒေါ်ကြည်ပြာကို တိုင်ကြားထားမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို မထုတ်ပြန်ရင် ရုံးတွင်းဖိနှိပ်မှုအချက်အလက်တွေကို ချပြမယ်လို့ဆို

Author CJ Platform
Categories
Published on Jan 30, 2026

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာကို တိုင်ကြားထားမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ဆုံးဖြတ်ချက်အစီရင်ခံစာကို မထုတ်ပြန်ရင် ဒေါ်ကြည်ပြာရဲ့ ရုံးတွင်းဖိနှိပ်မှု အချက်အလက်တွေကို အများပြည်သူ သိရှိနိုင်ရေး ချပြသွားမယ်လို့ တိုင်ကြားထားသူတွေက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်က ဒေါ်ကြည်ပြာရဲ့အမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုရလဒ် ထွက်ပေါ်လာရေးအတွက် NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ဆီ တိုင်ကြားသူတွေဘက်က အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ ထုတ်ပြန်ခဲ့ပါတယ်။

 

“အဲဒီလို ပေးပို့ပြီး တောင်းဆိုခွင့်ကိုမှ အချိန်တစ်ခု ဆက်ပြီး မတုံ့ပြန်ရင်တော့ အစိုးရလျှို့ဝှက်ချက် မဟုတ်တဲ့ မကြည်ပြာရဲ့ ရုံးတွင်းဖိနှိပ်မှုနဲ့ သက်ဆိုင်တဲ့ သက်သေအချက်အလက်ကနေစပြီး တစ်ခုချင်း ဆက်တိုက်ချပြမှုကို လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်” လို့ တိုင်ကြားသူတွေထဲမှာ ပါဝင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို လူ့အခွင့်အရေးချိုးဖောက်မှု၊ အာဏာအလွဲသုံးစားမှုနဲ့ အဂတိလိုက်စားမှုတွေ ကျူးလွန်ခဲ့တယ်လို့ ဆိုကာ ဝန်ကြီးချုပ်ရုံး ဝန်ထမ်းဟောင်း ၁၂ ဦးက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၉ ရက်မှာ တိုင်ကြားခဲ့တာပါ။

 

အဲဒီနောက် တိုင်ကြားသူ ၁၂ ဦးနဲ့ သက်သေ ၅ ဦးတို့ကို NUG အစိုးရ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ စုံစမ်းစစ်ဆေး မေးမြန်းမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ဒီနေ့ ဇန်နဝါရီ ၃၀ရက်နေ့အထိ ဆုံးဖြတ်ချက်အစီရင်ခံစာ ထုတ်ပြန်မှု မရှိသေးဘူးလို့ တိုင်ကြားထားသူ ဝန်ထမ်းဟောင်းတွေဆီက သိရပါတယ်။

 

“တိုင်ကြားစာထဲက ပါတဲ့သက်သေအပြင် တခြားခိုင်မာသက်သေတွေ၊ အသံဖိုင်တွေ ရှိပါတယ်။ အဲဒီအခါကျရင်တော့ တရားစီရင်ရေးကို မစောင့်နိုင်တာမျိုး၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာမျိုး ချဉ်းကပ်လာရင်တောင် ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး တရားနည်းလမ်းကျ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အခြေအနေပါ” လို့ တိုင်ကြားသူတစ်ဦးက ပြောပါတယ်။

 

တရားမျှတတဲ့ စုံစမ်းစစ်ဆေးမှုရလဒ် ပေါ်ထွက်လာရေးအတွက် Zoom ပလက်ဖောင်းကနေတစ်ဆင့် တွေ့ဆုံဆွေးနွေးဖို့ တိုင်ကြားသူတွေဘက်က အိတ်ဖွင့်ပေးစာမှာ တောင်းဆိုခဲ့သလို တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ တရားမျှတမှုကို ရရှိရေးအပါအဝင် စုံစမ်းစစ်ဆေးမှု ကြန့်ကြာနေရတဲ့ အကြောင်းရင်းတွေကို သိရှိဖို့အတွက် NUG အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးလိုတယ်လို့လည်း ဖော်ပြထားပါတယ်။

 

NUG ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက PVTV နဲ့ အင်တာဗျူးမှာ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို မကြာခင် ထုတ်ပြန်ပေးသွားမယ်လို့ ပြောဆိုထားပြီး အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှု၊ ကိုယ်ကျိုးရှာမှုနဲ့ တော်လှန်ရေးအပေါ် အမြတ်ထုတ်မှု ကျူးလွန်သူတွေကို လုံးဝခွင့်လွှတ်သွားမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါသေးတယ်။

 

စွပ်စွဲခံရသူ ဒေါ်ကြည်ပြာအနေနဲ့လည်း တိုင်ကြားထားသူတွေကို ပြန်လည်ပြန်တိုင်ကြားမှုများ လုပ်ဆောင်ထားပြီး တိုင်ကြားမှုဖြစ်စဉ် နှစ်ခုလုံးနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ တာဝန်ရှိသူတွေကတော့ ဒီကနေ့ ဇန်နဝါရီ ၃၀ရက်နေ့အထိ စစ်ဆေးမှုရလဒ်တွေကို ထုတ်ပြန်လာခြင်း မရှိသေးတာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – ဒေါ်ကြည်ပြာ Facebook

 

 

Related News

Depend on news