မြန်မာစစ်တပ်လက်အောက်က ရက်စက်လှတဲ့ လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်း (သို့မဟုတ်) အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တွေအပေါ် ရက်စက်လှတဲ့ လူငယ်ထောင်
နံရံတွေကို ကျောမှီ၊ တစ်ယောက်တစ်နေရာစီ အသီးသီးနေရာယူပြီး ပိတ်စဖြူတွေကို ဒူးပေါ်တင်ထားတဲ့ အမျိုးသမီးငယ်တွေဟာ လက်အတင်အချ စည်းချက်မှန်မှန်နဲ့ အဲဒီပိတ်စတွေရဲ့ အနားသားတွေကို ဝါးစားတော့မတတ် ကြည့်ပြီး အားစိုက်ချုပ်နေတယ်။
ဒီအလုပ်တွေကို ဆက်မလုပ်နိုင်တဲ့ အမျိုးသမီးငယ်အတွက် ပြစ်ဒဏ်ကတော့ ပေါက်တူးကိုင်ပြီး မြေယာထွန်ယက် စိုက်ပျိုးရမှာဖြစ်တယ်။
အသက်မပြည့်သေးတဲ့ အမျိုးသမီးတွေ ယာယီနေထိုင်ရတဲ့ အခုလိုနေရာတွေမှာ ဒီအလုပ်တွေနဲ့ ဒီလိုပြစ်ဒဏ်တွေဟာ ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေပြီ။
အမှုရင်ဆိုင်နေရတာ၊ ဒါမှမဟုတ် ပြစ်ဒဏ်ကျခံနေရတဲ့ အသက်မပြည့်သေးတဲ့ အမျိုးသမီးတွေကို ထိန်းသိမ်းဖို့အတွက် လူမှုဝန်ထမ်းလိုဌာနမျိုးမှာရှိတဲ့ ထိန်းသိမ်းရေးကျောင်းတွေ တစ်နည်းအားဖြင့် (လူငယ်ထောင်) တွေမှာ ထားကြတယ်။
ဒီလိုကျောင်းတွေမှာ အလုပ်ကြမ်းတွေအပြင် ထောင်တွင်းအထိ ကိုလိုနီပြုလာတဲ့ “ထောင်တွင်း ဂုတ်သွေးစုပ်စီးပွားရေး” တွေကလည်း အရှိန်အဟုန်ကောင်းကောင်း ရပ်တည်နေတယ်။
လုပ်အား ဖောဖောသီသီရနေတဲ့ ဒီလိုနေရာမျိုးတွေဟာ ပုံမှန်အလုပ်တွေထက်ပိုပြီး အာရုံစူးစိုက်ရတဲ့ အလုပ်တွေနဲ့ မြို့ပြနဲ့ အလှမ်းဝေးပြီး ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးမှုမရှိသေးတဲ့ ဒေသတွေမှာပဲ ရပ်တည်နိုင်တဲ့ အလုပ်တွေကို လုပ်အားခနည်းနည်းနဲ့ ကုန်ချောများများထွက်အောင် လုပ်ပေးနိုင်တဲ့ နေရာမျိုးတွေလည်း ဖြစ်တယ်။
ဈေးနှိမ်ပြီးခိုင်းတာတွေ၊ တစ်နေ့စာ စံနှုန်းသတ်မှတ်ချက်တွေထားပြီး လုပ်ခိုင်းတာနဲ့ မပြီးရင် တခြားအကျဉ်းသူ မိန်းကလေးတွေနဲ့ နှိုင်းယှဉ် အရှက်ခွဲတာ၊ ပြစ်ဒဏ်ပေးတာမျိုးတွေအထိ ရှိတယ်။
“သူတို့ပြောတဲ့ နိုင်ငံတော်သားသမီးတွေဆို မစင်ပုံးတွေပါ ထမ်းရတယ်။ ကျနော်တို့ကိုလည်း (ဒီအလုပ်တွေ မလုပ်ရင်) အဲဒီလိုတွေ ထမ်းခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်ပြောတာတွေရှိတယ်” လို့ ရန်ကုန်က အမျိုးသမီးထိန်းသိမ်းရေးကျောင်းတစ်ခုမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံကို မနေခြည် (အမည်လွှဲ) က ပြောပါတယ်။
အမှုရင်ဆိုင်နေရတဲ့ စွပ်စွဲခံရသူတွေအဖို့ အကျဉ်းထောင်ရဲ့ စီးပွားရေးလည်း လုပ်ရ၊ အလုပ်ကြမ်းနဲ့ အမှုအတွက်လည်း ရင်ပူရဖြစ်နေတာမျိုးတွေဟာ တွေးကြည့်တာနဲ့တင် စိတ်ကျဉ်းကျပ်စရာ ဖြစ်နေတယ်။
“ကိုယ်က လုပ်ချင်ချင်၊ မလုပ်ချင်ချင် လုပ်ခိုင်းတယ်။ မိုးမှောင်နေလည်း ချည်တုပ်ခိုင်းတယ်၊ နေပူနေလည်း တုပ်ခိုင်းတယ်၊ အေးရင်လည်း တုပ်ခိုင်းတယ်။ တခြားအလုပ်တွေလည်း အဲဒီလိုပဲ ခိုင်းတယ်။ တစ်ချက်ကလေးမှ နားရတာမျိုးမရှိဘူး” လို့ မနေခြည် (အမည်လွှဲ) က ပြောပါတယ်။
“မလုပ်ချင်ဘူး ညည်းလို့ကိုမရတာ၊ အဲဒီလိုလုပ်တာနဲ့ တွယ်တော့တာပဲ။ ရုံးထုတ်တဲ့နေ့တောင် လုပ်ရသေးတယ်။ လက်မှာအနာဖြစ်လည်း ငြင်းလို့မရဘူး” လို့ ၎င်းက ဆက်ပြောတယ်။
လူမှုဝန်ထမ်းလိုဌာနမျိုးမှာရှိတဲ့ ဒီလိုသင်တန်းကျောင်းတွေအဖို့ အကျဉ်းသားတစ်ယောက်ရဲ့ တစ်နေ့စာ စားစရိတ်က ကုန်စို၊ ကုန်ခြောက် စုစုပေါင်းမှ မြန်မာငွေ တစ်ထောင့်ငါးရာကျပ်ပဲ ခွဲတမ်းရတယ်။ အမေရိကန် တစ်ဒေါ်လာဟာ ယနေ့အချိန်မှာ မြန်မာငွေ ၅၀၀၀ ကျပ်အထက် ရှိတယ်။
ဒီနေရာမှာ ဆန်ဆိုတာ အမြဲတမ်း အညစ်အကြေးအပြည့်နဲ့ တိရစ္ဆာန်အစာထက် ပိုဆိုးတယ်။ အလှူရှင်ရှိချိန် ရက်ပိုင်းတော့ နည်းနည်းပိုကောင်းတာပေါ့။ သင်တန်းကျောင်းတွေမှာ သတ်မှတ်ထားတဲ့ စားသောက်မှု ပုံစံပြဇယားတွေကလည်း ဒီလိုကုန်ဈေးနှုန်း အခြေအနေနဲ့ဆို အမြင်တင့်တယ်စေမယ့် နံရံပေါ်က ပြယုဂ်အဖြစ်ပဲ ရှိတယ်။ လက်တွေ့မှာ မပေးဘူး။
ဒါကို သတိပြုမိတဲ့ စက်ရုံတွေက လက်သစ်စီးပွားရေး စားကျက်အဖြစ် လူငယ်ထောင်လို နေရာမျိုးတွေကို ရွေးချယ်လိုက်ကြတယ်။
အမျိုးသမီးထိန်းသိမ်းရေးအတွက် (VTW)၊ အမျိုးသားကျောင်းဖြစ်တဲ့ (သန်လျင်) လူမှုဝန်ထမ်းကျောင်းနဲ့ ကော့မှူးနဲ့ တွံတေးလို နေရာမျိုးမှာရှိတဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေထားတဲ့ ကျောင်းတွေမှာ ဒီစီးပွားရေးတွေကို တွင်တွင်ကျယ်ကျယ် ပိုလုပ်ကြတယ်။
သင်တန်းကျောင်း ပေါ်လစီအရ ကြည့်မယ်ဆိုရင်လည်း “လူမှုအသိုင်းအဝိုင်းထဲ ပြန်လည် ဝင်ဆံ့စေဖို့၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးဖို့” လို့ ၎င်းတို့ ဆိုထားတဲ့ အချက်တွေနဲ့ အပေါ်ယံအားဖြင့် ကိုက်ညီနေတာကို တွေ့ရတယ်။
သူတို့ ဆောင်ပုဒ်ဟာ လက်တွေ့ခိုင်းစေနေတဲ့ လုပ်ငန်းတွေနဲ့ ဆက်စပ်နိုင်စရာ မရှိဘူး။
ဒါ့အပြင် ကုန်စို၊ ကုန်ခြောက်အတွက် လောက်ငတဲ့ စရိတ်ရထားတာ မဟုတ်တဲ့အတွက် ဒီလုပ်ငန်းက ဝင်ငွေတွေဟာ အစားအသောက်နဲ့ အထွေထွေစရိတ်တွေကို ကာမိပြီးသား ဖြစ်သွားတယ်လို့ အာဏာပိုင်တွေက တွက်ချက်တယ်။ “သင်တန်းကျောင်းဟာ အလုပ်ခိုင်းဖို့” ဆိုတဲ့ အာဏာပိုင်တွေ တွင်တွင်သုံးနေတဲ့ ၎င်းတို့လက်စွဲ မူဝါဒကိုလည်း ကျားကန်ထားပြီး ဖြစ်သွားတယ်။
စားကျက်မြေအသစ် တွေ့သွားသူ လုပ်ငန်းရှင်တွေအဖို့ကတော့ အသက်မပြည့်သေးတဲ့ အကျဉ်းသားတွေ အကြိုက်တွေ့စေမယ့် အပေါ်ယံ သကာရည်လောင်း စည်းရုံးနည်းတွေသုံးပြီး တစ်မျိုး၊ အကျဉ်းသားအချင်းချင်း အပြန်အလှန် ထိန်းကျောင်းတဲ့ ကော်မရှင်စား အကျဉ်းထောင်စနစ်ကို သုံးပြီးတဖုံ အမျိုးမျိုးကြံစည်ပြီး ၎င်းတို့စီးပွားရေးအတွက် ပုံသွင်းတယ်။
“ထောင်ကျနေတဲ့ ဆယ်ကျော်သက် မိန်းကလေးတွေလေ၊ အပြင်နဲ့ကလည်း ဝေးနေပြီဆိုတော့ နှုတ်ခမ်းနီလေး၊ လက်သည်းနီလေးတွေ လက်ဆောင်ပေးတော့ ဒီတိုင်းနေနေမယ့်အတူတူ နည်းနည်းပါးပါး ရမလားဆိုပြီး ဝင်လုပ်ကြတာ” လို့ ၎င်းအသိုင်းအဝိုင်းနှင့် နီးစပ်သူ မနီလာ (အမည်လွှဲ) က CJ Platform ကို ပြောတယ်။
လူငယ်အကျဉ်းထောင်အတွင်းမှာ လုပ်ငန်းရှင်တွေဟာ သူတို့စီးပွားရေး စတင်လုပ်ဆောင်နိုင်ရေး စည်းရုံးချိန်မှာသာ အပြောချိုတယ်။ နောက်ပိုင်းမှာ အလုပ်ပြီးမြောက်မှု စံနှုန်းသတ်မှတ်ချက် တိုးမြှင့်တာ၊ ဝင်ငွေရမယ်လို့သာ ကြေညာထားတာမျိုးဖြစ်ပြီး ပမာဏကို အတိအလင်း ဖော်ပြထားတာမျိုး မဟုတ်တဲ့အတွက် လုပ်အားနဲ့ လုပ်ခမမျှတာ၊ လုပ်အားခအတွက် အကျိုးအမြတ်ပြန်ရဖို့ ကြန့်ကြာနေတာ ဖြစ်တယ်။
“အလုပ်ရှင်တွေကလည်း ပိုက်ဆံနည်းနည်းပဲ ပေးရလို့ အပ်တယ်၊ ကျောင်းဘက်ကလည်း ပိုက်ဆံရရင် အဆင်ပြေတယ်ဆိုပြီး လက်ခံတယ်၊ လုပ်ခရဲ့ ၅ ပုံ ၂ ပုံ လောက်ပဲ ကလေးတွေ ရတာ” လို့ မနီလာက ထပ်ပြောတယ်။
သင်တန်းကျောင်းတွေမှာရှိတဲ့ အသက်မပြည့်သေးတဲ့ အမျိုးသမီးတွေဟာ ပေါက်တူးကိုင်ပြီးဖြစ်စေ၊ ထင်းခွဲပြီးဖြစ်စေ၊ လွှဆွဲပြီးဖြစ်စေ အလုပ်ကြမ်းတွေကို လုပ်နေရတဲ့အပြင် ထောင်တွင်းစီးပွားရေးကိုလည်း မလစ်လပ်ရအောင် လုပ်ကြရတယ်။
လက်ကိုင်ပုဝါ အနားချုပ်တာ၊ ပြည်ပကို တင်ပို့မယ့် ကုတ်အင်္ကျီအရှည်တွေကို လက်ချုပ်လိုက်တာ၊ ဆံပင်အတုလုပ်ဖို့အတွက် ကုန်ကြမ်းအနေနဲ့ ဆံပင်ထိုးပေးရတာ စတဲ့လုပ်ငန်းတွေဟာ လူငယ်ထောင်တွင်းဈေးကွက်ကို နေရာယူထားပြီးသား စီးပွားရေးတွေ ဖြစ်တယ်။
တစ်နေ့တာ စုစုပေါင်း အလုပ်ချိန် ၈ နာရီတိတိ ကြာမြင့်တဲ့အပြင် တခြားကျောင်းနဲ့ ပတ်သက်တဲ့ အလုပ်ကြမ်းတွေကိုလည်း မျှဝေပြီး လုပ်ကြရတယ်။
ကော်မရှင်စား အကျဉ်းထောင်စနစ်ကို ကောင်းကောင်း တည်ဆောက်ထားနိုင်တဲ့ တချို့ကျောင်းတွေမှာဆို ညဘက် ပုံမှန်အိပ်ချိန်ကျော်တဲ့အထိ တစ်နေ့တာ စံနှုန်းပြည့်မီအောင် အလုပ်လုပ်ကြရပါတယ်။
လက်ကိုင်ပုဝါဟာ မြို့ပြက ကုန်တိုက်တွေမှာ တင်ရောင်းတဲ့အခါ အရောင်းသွက်တဲ့ ပစ္စည်းဖြစ်တယ်။ လူငယ်အကျဉ်းသားတွေအတွက်တော့ တစ်နေ့စာ စံနှုန်းအဖြစ် လက်ကိုင်ပုဝါ ၁၀ ထည်စီ အချိုးကျအနားတုပ်ရပြီး ချုပ်ခအနေနဲ့ကတော့ နှစ်ရာ့ငါးဆယ်စီသာ ရကြတယ်။
အနား ၄ ဘက်ရှိတဲ့ လက်ကိုင်ပုဝါတစ်ထည်က အနားစွန်းတွေကို အပ်ချည် ၅ မျှင် တစ်စုစီတွဲချုပ်ရတယ်။ အသက်အရွယ်မရွေး ဒီနှုန်းထားအတိုင်းပဲ ခွဲတမ်းကျတယ်။
ဒီအလုပ်တွေ လုပ်ရတဲ့ အမျိုးသမီးတွေထဲ အသက် ၉ နှစ် အရွယ်ကစလို့ ၁၈ နှစ် မပြည့်ခင်အထိ ပါတယ်ဆိုတာ CJ Platform ရဲ့ စုံစမ်းဖော်ထုတ်မှုက အတည်ပြုနိုင်တယ်။
အာရုံစူးစိုက်နိုင်မှုကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်တဲ့အတွက် တစ်နေ့တာ စံနှုန်းတွေ တိုးမြှင့်လာတဲ့အခါမှာ အမြင်အာရုံတွေ ချို့ယွင်းလာတာနဲ့ အကြောအားနည်းတဲ့ ပြဿနာတွေကိုလည်း လူငယ်အကျဉ်းသား အမျိုးသမီးငယ်တွေ ရင်ဆိုင်လာရတယ်။
ဒီကျန်းမာရေးပြဿနာကို အကျဉ်းထောင် အာဏာပိုင်တွေက မဖြေရှင်းပေးသလို အကျဉ်းထောင်ကို အလုပ်လာအပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း မဖြေရှင်းပေးဘူး။
“ဆံပင်ထိုးရတာဆို ပိုဆိုးတယ်၊ လူ့ဆံပင်အစစ်တွေလေ၊ သန့်တာမဟုတ်ဘူး၊ သန်းဥတွေ၊ သန်းတွေ ပါပါတယ်။ အဲဒါတွေ တစ်ပတ်လောက် ကိုင်ပြီးရင် လက်တစ်ပြင်လုံး ဝဲတွေထလာတာပဲ” လို့ မနီလာ (အမည်လွှဲ) က ပြောတယ်။
ဆံပင်ထိုးရတဲ့အလုပ်က စင်တီမီတာနဲ့ တိုင်းထားတဲ့ အတိုင်းအတာတစ်ခုကို ၃ စိတ်လောက်ပဲ ချန်ပြီး အတိုင်းအတာအပြည့် အပ်ချည်ကြိုး ပတ်ပတ်လည်ကျအောင် အနုစိတ်ထိုးပေးရတာ ဖြစ်တယ်။ သတ်မှတ်အရည်အသွေး မပြည့်ရင် အကြိမ်ကြိမ် ပြန်လည်ပြင်ဆင်ခိုင်းတယ်။
ဒီလိုအလုပ်အတွက် ၃ ရက်အတွင်း ဘယ်လောက်ပြီးစီးရမယ်ဆိုပြီး စည်းကမ်းထားတယ်။ မလုပ်နိုင်ရင် နေပူထဲထွက်ပြီး ပေါက်တူးတစ်လက်နဲ့ မြေပေါက်ရမယ်။
လုပ်အားခ အနေနဲ့ကတော့ ဆံပင်ထိုးပြီးသား တစ်ချောင်းစီကို မြန်မာငွေ တစ်ရာကျပ်နှုန်း ပေးတယ်။ ဒီပိုက်ဆံအကုန်ကို လူငယ်အကျဉ်းသား အမျိုးသမီးငယ်တွေ မရနိုင်ဘူး။ ကျောင်းအတွက် အထွေထွေစရိတ်အဖြစ် ရာခိုင်နှုန်းခွဲတမ်း ပေးရတယ်။
“လူငယ်ထောင်တွင်းက အမျိုးသမီးတွေရဲ့ အခွင့်အရေးက ရည်ရွယ်ချက်ရှိရှိ ချိုးနှိမ်ခံထားရတာပါ။ အကျဉ်းထောင်ရဲ့ ရည်ရွယ်ချက်က ပြစ်မှုကျူးလွန်သူကို ပြုပြင်ပြောင်းလဲပေးဖို့မဟုတ်ဘဲ ဖိနှိပ်ရေးယန္တရားအနေနဲ့ အသုံးတော်ခံဖို့ဆိုတာ အတော်ရှင်းလင်းနေပါတယ်” လို့ တော်လှန်ရေးအင်အားစုတစ်ရပ်ဖြစ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂက မှတ်ချက်ပြုတယ်။
ဒီအလုပ်ကြမ်းတွေဟာ စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့ လူငယ်အကျဉ်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပိုပြီး ပစ်မှတ်ထားတယ်လို့လည်း ၎င်းတို့က ဆက်ပြောတယ်။
ဒါ့အပြင် လူအများစုနဲ့ နေရတဲ့ အခုလို နေရာမျိုးတွေမှာ အဖြစ်များတဲ့ (ပွေး၊ ဝဲ၊ ညှင်း) စတဲ့ မှိုပိုးလိုဟာမျိုးဟာ ဒီလုပ်ငန်းစတင်ပြီးတဲ့နောက် သိသိသာသာပဲ အားကောင်းလာတယ်လို့ မနီလာက အတည်ပြုတယ်။
“ဆယ်ကျော်သက် မိန်းကလေးတွေလေ၊ လက်မှာ ဝဲဒလဗျစ်နဲ့တော့ ဘယ်သူက နေချင်မလဲ၊ တချို့ဆို မျက်နှာအထိ တက်ပေါက်တာ” လို့ မနီလာ (အမည်လွှဲ) က ဆက်ပြောတယ်။
ဒီအခြေအနေအတွက် လူငယ်အကျဉ်းထောင်တွေမှာ ဝဲရောဂါပျောက်ဆေးကို တစ်ဗူး ဘယ်နှစ်ရက်အထိ သုံးရမယ်ဆိုပြီး ပေးတယ်။ ရောဂါပျောက်ကင်းဖို့အထိ မပေးဘူး။ အိပ်ရာခင်းနဲ့ တစ်ကိုယ်ရည် အသုံးအဆောင်တွေကို ပုံမှန် ပိုးသတ်နိုင်တာလည်း မရှိဘူး။
ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျောင်းဆေးခန်းလို့ခေါ်တဲ့ လူငယ်အကျဉ်းထောင်ဆေးခန်းမှာလည်း ဆေးဝါးလုံလောက်မှု မရှိသလို၊ မှိုရောဂါအခြေအနေ ဆိုးရွားပြီး ဆေးဝါးပိုလိုအပ်လာတဲ့ အကျဉ်းသူတွေအတွက် ဆေးရုံ၊ ဆေးခန်းစရိတ်ကိုလည်း သက်ဆိုင်ရာ မိဘ၊ အုပ်ထိန်းသူတွေကပဲ ကျခံရတယ်။
“ဖျားလို့သွားတာတောင် ပါရာစီတမော ဒိတ်လွန်နေတာမျိုး ပေးလိုက်တာ၊ အများကြီး မျှော်လင့်လို့တော့ မရဘူး၊ မိဘနဲ့ ဆက်သွယ်လို့မရတဲ့သူတွေကျတော့လည်း ဌာနက ထုတ်ပေးတဲ့ငွေနဲ့ ရသလောက်ပဲ ဆေးဝယ်ရတာပေါ့” လို့ ဖြစ်ရပ်တွေအကြောင်း မနီလာက ရှင်းပြတယ်။
စားသောက်စရိတ်အပါအဝင် ကျောင်းရဲ့ အထွေထွေကုန်ကျစရိတ်တွေကို ကာမိစေဖို့အတွက် ဒီလုပ်ငန်းတွေကို လက်ခံလိုက်ပေမယ့် အလုပ်ရုံအတွင်း အသုံးပြုရတဲ့ လျှပ်စစ်မီးကြောင့် မီတာခတက်တာ၊ အလုပ်ရှင်တွေဘက်က အလုပ်ရုံ ငှားရမ်းခ မပေးတာမျိုးတွေကလည်း အာဏာပိုင်တွေနဲ့ အလုပ်ရှင်ကြားက ပွတ်တိုက်မှု ဖြစ်တယ်။
“အစကတည်းက သူတို့ (အာဏာပိုင်တွေ) ကလည်း ဒီအလုပ်တွေက အရမ်းကောင်းနေလို့ လက်ခံနေတာမျိုး မဟုတ်ဘူး၊ လူကများလာပြီလေ၊ ကျွေးစရာမရှိလို့သာ ရလိုရငြား လက်ခံထားတာ” လို့ ဒီအခြေအနေတွေကို သိတဲ့ မနီလာက ပြောပါတယ်။
ဒါမျိုး လက်ခံထားပေမယ့်လည်း စားသောက်၊ နေထိုင်မှုပိုင်းနဲ့ ပတ်သက်လို့ ထူးထူးခြားခြား ပြောင်းလဲတာမျိုး မရှိဘူး။
“ကြက်သားဟင်း တစ်ပတ်ကို နှစ်ခါကျွေးတာမျိုးပဲ သိလိုက်တယ်” လို့ သူက ပြောတယ်။
ဒီအခြေအနေဟာ အလှူခံပြီး ရထားတဲ့ ဆန်တွေ ရရှိချိန်မှာသာ ဖြစ်ပြီး အလှူခံရရင် ဒီအခြေအနေထက် ပိုဆိုးတယ်။
ထောင်တွင်း အလုပ်ရုံတွေကို ကျောခိုင်းကြသူတွေအတွက် ပြစ်ဒဏ်က နေ့စဉ် မြေရှင်းလင်းတာ၊ မြေကြီးတူးတာနဲ့ ထောင်စီးပွားရေးကို ကူညီရတယ်။
အသက်မပြည့်သေးတဲ့ နိုင်ငံရေးအကျဉ်းသူ မနေခြည် (အမည်လွှဲ) ကလည်း ၎င်းနဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေ ရင်ဆိုင်ခဲ့ရတဲ့ ပြစ်ဒဏ်ကို အခုလို ပြန်ပြောတယ်။
“ထင်းအစို အတုံးအကြီးကြီး ခုတ်ခိုင်းတာ။ အဲဒီထင်းအစိုက ဘယ်လိုမှ မခုတ်နိုင်တဲ့ ထင်းအစို။ အဲဒီဟာကို ငါးရက်လောက် ခုတ်ခိုင်းတာ။ ကျနော်တို့လေးယောက် လက်တွေဆို စုတ်ပြတ်နေတာပဲ။ ပြီးတော့ ဓားကလည်း သံပြားဓားလိုကြီး လက်ကိုင်တောင် မပါဘူး” လို့ မနေခြည်က ပြောတယ်။
ကျန်းမာရေးချို့ယွင်းမှုကြောင့် အလုပ်တွေ ဆက်မလုပ်နိုင်ရင် ဆရာဝန်ထောက်ခံချက်တွေ၊ ဆေးစာတွေနဲ့ တင်ပြရတယ်။ ဆရာဝန် ထောက်ခံချက်နဲ့ ဆေးစာဆိုတာ လူငယ်အကျဉ်းထောင်လို့ခေါ်တဲ့ လူငယ်ပြုပြင်ထိန်းသိမ်းရေး သင်တန်းကျောင်းတွေမှာ အလွယ်တကူ ရနိုင်တဲ့ ပစ္စည်းမဟုတ်။
“ကျန်းမာရေးတော့ တော်တော်ထိခိုက်တယ်။ မျက်မှန်သမားဆိုရင် ပါဝါတက်တဲ့အထိ မူးတာမျိုးတွေ ဖြစ်တယ်။ သူတို့ရေတွေက မသန့်လို့ ယားနာတွေပေါက်လို့၊ ဆံပင်တုလုပ်ဖို့ ဆံပင်ကိုင်ရင် ပိုးဝင်မှာစိုးလို့ မလုပ်ချင်ဘူးပြောရင် အဆူခံရတယ်။ ဆက်လည်း လုပ်ရတယ်” လို့ မနေခြည်က ရှင်းပြတယ်။
NGO လို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကလည်း သင်တန်းကျောင်းအတွက် ဖွံ့ဖြိုးရေး အစီအစဉ်တွေ လုပ်ပေးတာ၊ အခြေခံအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး သင်တန်းပေးတာနဲ့ ရပ်ဝေးက ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသားတွေအတွက် ပါဆယ်ပို့ပေးတာလောက်ပဲ လုပ်ပေးနိုင်တယ်။ ထောင်အတွင်းက အခြေအနေကို မပြောင်းလဲနိုင်။
တချို့အခြေအနေတွေမှာ ထောက်ပံ့တဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းတွေကို သင်တန်းကျောင်းထဲ အဝင်မခံတာမျိုးတွေလည်း ရှိတဲ့အတွက် အခြေအနေကို ပုံသေ ယူဆထားလို့ မရဘူး။
ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂကတော့ အခြားသော လူမှုအဖွဲ့အစည်းတွေကို လူငယ်ထောင်တွင်း အခြေအနေနဲ့ ပတ်သက်ပြီး အခုလို တိုက်တွန်းထားပါတယ်။
“အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ လူငယ်ထောင်တွင်းက အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီး အသံထုတ်ပေးတာ၊ မှတ်တမ်းတင်တာတွေ လုပ်သင့်ပါတယ်” လို့ ပြောတယ်။
ဒါ့အပြင် လူငယ်ထောင်တွင်း အမျိုးသမီးတွေရဲ့ အခွင့်အရေး ပြည့်ပြည့်ဝဝရဖို့အတွက်ဟာ ဖိနှိပ်တဲ့ ယန္တရားတစ်ခုလုံးကို အမြစ်ကလှန်ပစ်မှ ဖြစ်နိုင်မယ်ဆိုတဲ့အကြောင်း ၎င်းတို့က မှတ်ချက်ပြုတယ်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းမှာ မြန်မာစစ်တပ်ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က “အကျင့်စာရိတ္တအပါအဝင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်ရေးတင်မက အသက်မွေးဝမ်းကြောင်းပညာပါ သင်ကြားပေးလျက်ရှိတဲ့ ကျောင်းကတော့ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်က အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း” ပဲလို့ ကြွေးကြော်ပြီး ရန်ကုန်က သင်တန်းကျောင်းတစ်ခုရဲ့ အပေါ်ယံ လှုပ်ရှားမှုတွေကို ရုပ်ရှင်ရိုက်ပြီး ပြသတယ်။
အဲဒီရုပ်သံထဲမှာ ဇာထိုး၊ ပန်းထိုး၊ စက်ချုပ်နဲ့ ခြင်းထိုးစတဲ့ ပညာရပ်တွေကိုသာ အပေါ်ယံအနေနဲ့ ဖော်ပြထားတယ်။ လူငယ်ထောင် တစ်ဖြစ်လဲ သင်တန်းကျောင်းအတွင်းမှာတော့ ရက်စက်မှုအပြည့်။
ဒီလိုအခြေအနေတွေကို ကိုယ်တွေ့ ရင်ဆိုင်ခဲ့ရတဲ့ မနေခြည် (အမည်လွှဲ) ကတော့ အခုလိုပြောတယ်။
“တကယ်တမ်းမှာ သူတို့ပြသနေတဲ့ နိုင်ငံတော်သားသမီးတွေကို ကျောင်းအုပ်ယောက်ျားက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာတွေလည်း ရှိသလို၊ သူတို့ကိုလည်း ပြင်းပြင်းထန်ထန် ရိုက်တာမျိုးတွေ ရှိပါတယ်” လို့ ပြောတယ်။
ရန်ကုန်လိုဒေသရဲ့ အစွန်အဖျားမှာရှိတဲ့ သင်တန်းကျောင်းတစ်ခုက အကျဉ်းသူတွေမှာလည်း ထောင်တွင်းစီးပွားရေးရဲ့ အပြင်းအထန် ဂုတ်သွေးစုပ်တာကို ခံရတဲ့အပြင် ကျန်းမာရေး စံနှုန်းနဲ့ မပြည့်မီတဲ့ စားသောက်နေထိုင်မှုပုံစံကလည်း ထပ်ဆင့် ဖိနှိပ်နေပြန်တယ်။
“ဗိုက်ဆာဆာနဲ့ ထမင်းစားဆောင်ထဲ ဝင်လာတဲ့အချိန်ဆို အဝေးကတည်းက လှမ်းမြင်တာ၊ ပုံစံပန်းကန်ပေါ်မှာ ယင်ကောင်တွေဆို ဖွေးနေတာပဲ။ ဟင်းကြည့်တော့လည်း လက်ဆေးရည်ထဲ ကြက်ဥပစ်ထည့်ထားသလိုလေ” လို့ ၎င်းရဲ့ အတွေ့အကြုံကို မသီတာ (အမည်လွှဲ) က ပြောတယ်။
အာဏာပိုင်တွေနဲ့ အလုပ်ရှင်တွေဟာ ၎င်းတို့ အသီးသီးက သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း ထောင်စီးပွားရေးစနစ်ကို အသက်သွင်းနေကြတယ်။
၂၀၁၉ ခု ကလေးသူငယ် ဥပဒေပုဒ်မ ၉၃ (င) မှာပါတဲ့ အသက်မပြည့်သေးတဲ့ အကျဉ်းသားတွေကို “အလုပ်ကြမ်းခိုင်းစေတာ (ဒါမှမဟုတ်) အကျဉ်းဦးစီးဌာနရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ ထိန်းချုပ်စခန်းတွေဆီကို ပေးပို့တာမျိုး” မလုပ်ရဘူးဆိုတဲ့အချက်နဲ့ လက်တွေ့ဟာ ဆန့်ကျင်ဘက် ဖြစ်တယ်။
“လူငယ်ထိန်းသိမ်းရေးစခန်းဆိုတာ ကလေးထောင်ပါပဲ။ သူတို့ပါးစပ်ကနေလည်း ကလေးထောင်ဆိုတာ ပြောသလို တကယ်လည်း ထောင်ပါပဲ” လို့ မနေခြည် (အမည်လွှဲ) က ပြောတယ်။
( အာဏာသိမ်း မြန်မာစစ်တပ်၏ အုပ်ချုပ်မှုအောက်ရှိ လူငယ်ပြုပြင်ထိန်းသိမ်းရေး သင်တန်းကျောင်း (သို့မဟုတ်) လူငယ်ထောင်များအတွင်း ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှု ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှုများကို CJ Platform မှ စုံစမ်းဖော်ထုတ်ရေးသားထားခြင်း ဖြစ်သည်။)
