တော်လှန်ရေးအဖွဲ့တွေ မစုစည်းနိုင်တာဟာ ကြီးနိုင်ငယ်ညှဉ်း လုပ်ဆောင်မှုတွေကြောင့်ဖြစ်တယ်လို့ PLA ပြော
တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်းကြား အတူအင်အားစုစည်းပြီး ဘုံရန်သူ စစ်အာဏာရှင်ကို အလဲထိုးတိုက်ခိုက်ရမယ့်အချိန်မှာ ကိုယ့်အချင်းချင်း အားမစုဘဲ ပြိုကွဲအောင်လုပ်နေသူတွေရှိတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က ပြောပါတယ်။
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်တာကာလအတွင်း အညာဒေသ တော်လှန်ရေးတပ်ဖွဲ့တွေကို မစုစည်းနိုင်တာဟာ ဗမာလူမျိုးအချင်းချင်း တပ်ဖွဲ့တွေကြားပွတ်တိုက်မှုတွေ ပိုမိုကြီးထွားလာသလို ကန့်သတ်ပိတ်ပင်မှုတွေ လုပ်ဆောင်တာ၊ အင်အားကြီးတဲ့အဖွဲ့က အင်အားငယ်တဲ့အဖွဲ့ကို ဖိနှိပ်နှိမ်နင်းတာတွေ စတဲ့ ကြီးနိုင်ငယ်ညှဉ်း လုပ်ဆောင်ချက် မူဝါဒတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
“တော်လှန်ရေးလုပ်တဲ့သူအချင်းချင်း အတူတူပေါ့နော်၊ အင်အားကြီးတဲ့အုပ်စုက ငါ့အောက်ကို အကုန်ဝင်ဆိုတဲ့ မူတွေ ပေါ်လစီတွေကြောင့် ဒီငါးနှစ်လောက် ရှိနေပြီ၊ တစ်စုတစ်စည်းတည်း မစုစည်းနိုင်ဘူးလို့ ကျွန်မ အဲဒီလို မြင်တယ်။ ဘာမလုပ်ရဘူး၊ ညာမလုပ်ရဘူးဆိုပြီး ကန့်သတ်တာတွေက တော်လှန်ရေး တပ်ဖွဲ့အချင်းချင်းအတူတူ ကြီးနိုင်ငယ်ညှဉ်း လုပ်နေတဲ့ ပုံစံတွေ ဖြစ်နေတယ်” လို့ ရဲဘော်နီနီကျော်က ပြောပါတယ်။
စစ်အုပ်စုကို တစ်စုတစ်စည်းတည်း အားလုံးပူးပေါင်းပြီး အလဲထိုးတိုက်ခိုက်ရမယ့် အချိန်မှာ တော်လှန်ရေးကို ဦးဆောင်နေသူတွေက ကိုယ့်အချင်းချင်းရဲ့ အားကို မစုစည်းဘဲ အချင်းချင်းပြိုကွဲအောင် လုပ်နေတာဟာ ရန်သူ (စစ်အုပ်စု) လုပ်ရမယ့်အလုပ်တွေကို လုပ်နေသလို ဖြစ်နေတယ်လို့လည်း ရဲဘော်နီနီကျော်က မှတ်ချက်ပေးပြောပါတယ်။
ဒီလိုလုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး တခြားတော်လှန်ရေးမဟာမိတ်အဖွဲ့တွေအနေနဲ့လည်း လမ်းညွှန်ထောက်ပြပြောဆိုသင့်ပြီး လျစ်လျူရှုနေပါက လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခပွတ်တိုက်မှုတွေဟာ ပိုမိုကြီးထွားလာနိုင်ပြီး တော်လှန်ရေးအတွက် အကျိုးဖြစ်ထွန်းမှာမဟုတ်တာကြောင့် ဒါတွေကို ပြုပြင်ပြောင်းလဲနိုင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ဘုံရန်သူ စစ်အာဏာရှင်ကို တိုက်ထုတ်နေကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းအားလုံးဟာ အဖွဲ့ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ မတရားမှုကို တိုက်ထုတ်ရမယ့် တာဝန်ဝတ္တရားရှိသလို အဖွဲ့အစည်းတွေအချင်းချင်းကြား တရားဝင်မှု တရားမဝင်မှု အငြင်းပွားမနေဘဲ အားလုံးဟာ အပြန်အလှန်လေးစားမှုနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်မှသာ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်နိုင်မှာဖြစ်တယ်လို့ ရဲဘော်နီနီကျော်က မှတ်ချက်ပြု ပြောဆိုထားပါတယ်။
ဓာတ်ပုံ – PLA
