မော်လူးမြို့မှာ စစ်အုပ်စုဗုံးကြဲတာကြောင့် ပကဖတပ်သား ၄ ဦးနဲ့ KIA တပ်သားတစ်ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့၊ မာန်ဟဲရွာထိပ်ကို စစ်အုပ်စုက မနေ့က ဇန်နဝါရီ ၂၁ ရက် ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပကဖတပ်သား ၄ ဦးနဲ့ KIA တပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့က ဇန်နဝါရီ ၂၁ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်မှာ စစ်အုပ်စုဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မော်လူးမြို့၊ မာန်ဟဲရွာထိပ်ကို တိုက်လေယာဉ်တစ်စင်းနဲ့ ပေါက်ကွဲအားပြင်း ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“သေဆုံးတာတော့ ပကဖ ၄ ဦးရယ်၊ KIA တစ်ယောက်ရယ် သေဆုံးသွားတယ်။ တကယ်ဆို သူတို့ စစ်ရေးအရ သတ်မှတ်ထားပြီးသား ရပ်ရွာနဲ့ အနည်းဆုံး ၃ မိုင်အကွာမှာ နေရမယ်၊ အဲဒီလို ၃ မိုင်အကွာမှာ နေရမယ်ဆိုပြီးတော့ ထုတ်ပြန်ထားပြီးသား။ သူတို့နေရာကလည်း နဂိုကတည်းက Location ပေါက်နေတာလည်း ကြာလှပြီ၊ မပြောင်းကြတာ။ အဓိကက ပေါ့ဆသွားတာပေါ့” လို့ မော်လူးဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

စစ်အုပ်စုရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်သားတွေ နေထိုင်ရာ အဆောက်အအုံနဲ့ နေအိမ်နှစ်လုံး ပျက်စီးခဲ့သလို ဒေသခံနှစ်ဦး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိသူ ဒေသခံနှစ်ဦးကတော့ ဆေးကုသမှု ခံယူနေရတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့ကလည်း မော်လူးမြို့၊ ပဲခူးရွာနဲ့ ရွာရှည်ကြားကို စစ်အုပ်စုက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် Grade-12 ကျောင်းသူတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ဓာတ်ပုံ – ပေးပို့
