Nestle တံဆိပ် ကလေးဖြည့်စွက်စာမှာ အဆိပ်အတောက် ပါဝင်နိုင်ခြေရှိတာကြောင့် ရောင်းချမှုကို ရပ်နားထားဖို့ သတိပေး

Author CJ Platform
Categories
Published on Jan 22, 2026

Nestle အမှတ်တံဆိပ် ကလေးအာဟာရဖြည့်စွက်စာမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ Cereulide အဆိပ်အတောက်တစ်မျိုး ပါဝင်နိုင်ခြေရှိတာကြောင့် ဈေးကွက်ထဲမှာ ရောင်းချတာကို ယာယီရပ်နားထားဖို့ စစ်အုပ်စု့ရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်မှာ အသိပေးစာ ထုတ်ပြန်ထားပါတယ်။

 

ဈေးကွက်ထဲ ရောင်းချတာကို ယာယီရပ်နားထားဖို့ တားမြစ်ခံထားရတဲ့ ကလေးအာဟာရဖြည့်စွက်စာ Nestle ထုတ်ကုန် ၅ မျိုးထဲမှာ ၈၀၀ ဂရမ်ပါ NAN HA3 SupremePro (Batch 53030017C1)၊ NAN HA 2 SupremePro (51420017C4)၊ NAN HA1 SupremePro (51460017C2)၊ NAN HA1 SupremePro (51470017C1) နဲ့ ၃၂ ဂရမ်ပါ NAN HA3 SupremePro (53030017B1) တို့ ပါဝင်နေပါတယ်။

 

ဒီ Nestle အမှတ်တံဆိပ် ထုတ်ကုန်အမျိုးအစား ၅ ခုမှာ Bacillus cereus ဘက်တီးရီးယားကနေတဆင့် ဖြစ်ပေါ်လာတဲ့ Cereulide အဆိပ်အတောက် ပါဝင်နိုင်ခြေရှိတာကြောင့် စင်ကာပူအစားအသောက်အေဂျင်စီ (SFA) က စစ်ဆေးမှုတွေ လုပ်ဆောင်နေချိန် ဈေးကွက်မှာ ရောင်းချမှုကို ရပ်နားထားဖို့ SFA က ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပြီးနောက် စစ်အုပ်စုဘက်ကလည်း ထပ်ဆင့်အသိပေးလာတာ ဖြစ်ပါတယ်။

 

Cereulide အဆိပ်အတောက်ပါဝင်တဲ့ အစားအစာကို စားသုံးမိပါက ကိုယ်လက်မအီမသာဖြစ်တာ၊ အော့အန်တာ၊ ဝမ်းဗိုက်အောင့်တာ၊ ဝမ်းလျှောတာတွေ ဖြစ်ပေါ်စေနိုင်ပြီး အထူးသဖြင့် ကလေးသူငယ်တွေနဲ့ ခုခံအားနည်းသူတွေ စားသုံးမိပါက စိုးရိမ်ရတဲ့ အခြေအနေရှိတာကြောင့် အခုလို တားမြစ်လာတာ ဖြစ်ပါတယ်။

 

ဒီထုတ်ကုန်တွေနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂ အစားအသောက် ဘေးကင်းလုံခြုံရေးဆိုင်ရာ အရေးပေါ်သတိပေးစနစ် (RASFF) အဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်မှာ နိုင်ငံတကာကို ကနဦးသတိပေးမှု လုပ်ဆောင်ခဲ့ချိန် SFA ကလည်း ဓာတ်ခွဲစမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ရောဂါအခြေအနေကို စောင့်ကြည့်ဖို့နဲ့ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယာယီရပ်နားထားဖို့ တားမြစ်ထားတာလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်