မြစ်ဆုံနဲ့ လာဇာဆည်ကျိုးပေါက်ပါက ဆွာဆည်ကျိုးပေါက်မှုထက် အဆ ၁၂၀ ကျော် ပိုဆိုးရွားလိမ့်မယ်လို့ ဘူမိဗေဒပညာရှင် သုံးသပ်

Author CJ Platform
Categories
Published on Jan 22, 2026

ကချင်ပြည်အတွင်း မြစ်ဆုံဆည်စီမံကိန်းကို စစ်အုပ်စုက ပြန်လည်အကောင်အထည်ဖော်ဖို့ ကြိုးစားနေမှုဟာ ပြန်ပြင်မရတဲ့ ဘေးဒုက္ခဆိုးကြီး ကြုံတွေ့ရနိုင်သလို ဆည်ကျိုးပေါက်ခဲ့ပါက ပျက်စီးဆုံးရှုံးမှုဟာ အလွန့်အလွန်ကြီးမားတဲ့ ပေးဆပ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရနိုင်တယ်လို့ မြန်မာနိုင်ငံ ဘူမိဗေဒပညာရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

မေခ၊ မလိခမြစ်နဲ့ မြစ်ဆုံဒေသမှာ စစ်အုပ်စုက ရေကာတာဆည်ကြီး ၇ ခု တည်ဆောက်ဖို့ ပြန်လည်ပြင်ဆင်နေချိန် ဘူမိဗေဒပညာရှင်တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေက အခုလို သတိပေးကန့်ကွက်မှုတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

 

စီမံကိန်းမှာပါဝင်တဲ့ ဆည်ကြီး ၇ ခုထဲက စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောနဲ့ အနီးကပ်ဆုံးရှိနေတဲ့ မြစ်ဆုံဆည်နဲ့ လာဇာဆည်တို့ ကျိုးပေါက်ခဲ့ပါက ဆွာရေကာတာဆည် ကျိုးပေါက်မှုထက် အဆပေါင်း ၁၂၀ ခန့် ပိုမိုဆိုးရွားနိုင်တယ်လို့လည်း မြန်မာနိုင်ငံ ဘူမိဗေဒပညာရှင်များအသင်း တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့က ရေကာတာဆည်ဟာ ၂၀၁၈ ခုနှစ် ဩဂုတ်လအတွင်းက ကျိုးပေါက်ခဲ့တာဖြစ်ပြီး ၂၄ နာရီအတွင်း ရေကုဗမီတာ ၂၁၅ ဒသမ ၅ သန်းခန့် စီးဆင်းခဲ့သလို ကျေးရွာပေါင်း ၈၅ ရွာ ရေမြုပ်ခဲ့ကာ ဒေသခံပြည်သူ ၄၀,၀၀၀ ကျော် ရေဘေးဒုက္ခ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

 

ဘူမိဗေဒပညာရှင်တွေက ဆွာရေကာတာဆည် ကျိုးပေါက်မှုနဲ့ နှိုင်းယှဉ်တွက်ချက်ထားမှုအရ စစ်အုပ်စု လုပ်ဆောင်ဖို့ ပြင်ဆင်နေတဲ့ မြစ်ဆုံဆည်သာ ကျိုးပေါက်ပါက ဆွာရေကာတာတည် ကျိုးပေါက်မှုဖြစ်စဉ်ထက် အဆပေါင်း ၁၂၀ ခန့်ပိုမို ပြင်းထန်နိုင်ပြီး ၂၄ နာရီအတွင်း ရေကုဗမီတာ ၂၅,၈၆၀ သန်းကျော် စီးဆင်းနိုင်သလို ဧရာဝတီမြစ်ဝှမ်းဒေသတစ်လျှောက်မှာရှိတဲ့ လူဦးရေ ၃၁ သန်းကျော်နဲ့ မြို့ကြီးမြို့ငယ် ရွာကြီးရွာငယ်အများအပြားကို ဘေးဒုက္ခတွေ ကြုံတွေ့နိုင်တယ်လို့ သိရပါတယ်။

 

မြစ်ဆုံနဲ့ လာဇာဆည် နှစ်ခုကျိုးပေါက်ခဲ့ပါက မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့တို့ဟာ တစ်နာရီအတွင်း နစ်မြုပ်သွားနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်ဖြစ်၊ အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးလည်းဖြစ်တဲ့ ဦးစိုးသူရထွန်းကလည်း CJ Platform ကို ပြောပါတယ်။

 

“မြစ်ဆုံနဲ့ စစ်ကိုင်းပြတ်ရွေ့နဲ့က ၁၆ မိုင်၊ လာဇာက ၂၂ မိုင်မို့ အဲဒီ ၂ ခုက ငလျင်နဲ့ အနီးဆုံးဖြစ်နေတယ်။ မြစ်ကြီးနားတင်မက ဝိုင်းမော်ပါ တစ်နာရီအတွင်း မြုပ်မှာ” လို့ သူက ဆိုပါတယ်။

 

လက်ရှိမှာ မြစ်ဆုံဆည်စီမံကိန်းကြောင့် ဒေသခံပြည်သူ ၁၅,၀၀၀ ဝန်းကျင်နဲ့ ကျေးရွာပေါင်း ၆၀ ခန့် အဓမ္မရွှေ့ပြောင်းခံထားရပြီး စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ပါက သဘာဝပတ်ဝန်းကျင် ပြောင်းလဲပျက်စီးမှုတွေနဲ့ပါ ကြုံရနိုင်သလို သယံဇာတတွင်းထွက်ပစ္စည်းတွေလည်း ဆက်လက်ထုတ်ယူနိုင်ဖို့ အခက်အခဲများစွာ ကြုံလာရနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

 

ဒါကြောင့် မြစ်ဆုံဆည်စီမံကိန်းဟာ ကောင်းကျိုးထက် ဆိုးကျိုးဘေးဒုက္ခအဆပေါင်းများစွာ ကြုံတွေ့နိုင်ကြောင်း သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက တတ်သိပညာရှင်တွေက ထောက်ပြထားကြသလို မြန်မာပြည်သူအများစုကပါ မလိုလားတဲ့ ဒီစီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းသင့်တယ်လို့လည်း ဝေဖန်ထောက်ပြထားကြပါတယ်။

 

တတ်သိပညာရှင်တွေက မြစ်ဆုံဆည်စီမံကိန်းနဲ့ပတ်သက်ပြီး အားနည်းချက်၊ ဘေးထွက်ဆိုးကျိုးတွေကို ဝေဖန်ထောက်ပြထားပေမယ့် စစ်အုပ်စု ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းကတော့ မြစ်ဆုံဆည်ကို ငလျင်ဒဏ် ၇ ဒသမ ၁ မဂ္ဂနီကျုအထိ ခံနိုင်အောင် တွက်ချက်ထားပြီး တမံအမျိုးအစားဟာ ကွန်ကရစ်တမံ ကျောက်ဖြည့်အမျိုးအစားဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၆ ရက်က ကချင်လူထုနဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – AFP

ပုံစာ – မြစ်ဆုံဆည်တည်ဆောက်ရေးလုပ်ငန်းခွင်နေရာတစ်ခုကို မြင်ရပုံ (ပုံဟောင်း)

 

 

Related News

Depend on news