ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပတော့မယ့်အချိန်မှာ ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်ခံထားရသူ ၄၀၀ ကျော် ရှိလာ


စစ်အုပ်စုက အပိုင်းလိုက်ခွဲပြီးကျင်းပနေတဲ့ အတုအယောင်ရွေးကောက်ပွဲ အပိုင်း ၃ ထိ ရောက်လာချိန်မှာ ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့် အရေးယူခံထားရသူ ၄၀၄ ဦးထိ ရှိလာပြီဖြစ်တယ်လို့ စစ်အုပ်စုရဲ့ ဒီနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

 

ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်အရေးနေတဲ့ အမှုပေါင်း ၃၃၁ မှု ရှိနေပြီး အဲဒီထဲမှာ အမျိုးသား ၃၂၄ ဦးနဲ့ အမျိုးသမီး ၈၀ ဦး၊ စုစုပေါင်း အမှုဖွင့်အရေးယူခံထားရသူ ၄၀၀ ကျော် ရှိနေတာဖြစ်ပါတယ်။

 

လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးနေတယ်လို့ စစ်အုပ်စုက အကြိမ်ကြိမ် ပြောဆိုနေပေမယ့် စစ်အုပ်စုက ရွေးကောက်ပွဲဝေဖန်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံထားရသူ ၆၂ ဦး ရှိနေပြီဖြစ်ပြီး ရွေးကောက်ပွဲမှာ ဝင်ပြိုင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေတောင် ဖမ်းဆီးအရေးယူခံရတာမျိုးတွေ ရှိနေပါတယ်။

 

ပြည်သူ့ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို စစ်အုပ်စုက ရွေးကောက်ပွဲဥပဒေ ၅၈ (ဂ) နဲ့ အမှုဖွင့်ခဲ့ပြီး ထောင်ဒဏ် ၁ နှစ် ချမှတ်ထားသလို ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကိုလည်း နိုင်ငံခြားသံရုံးက ပုဂ္ဂိုလ်တချို့နဲ့ ခွင့်ပြုချက်မရှိဘဲ တွေ့ဆုံခဲ့တယ်လို့ဆိုပြီး စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

 

ဒါ့အပြင် စစ်အုပ်စုဟာ ရွေးကောက်ပွဲဆန့်ကျင်လှုံ့ဆော်တဲ့စာတွေ ဖြန့်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လှိုင်သာယာမြို့နယ်က ကိုရန်နိုင်ကြည်ဝင်းနဲ့ ကိုအောင်ရဲထွဋ်တို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ ရွေးကောက်ပွဲဥပဒေ ၂၃ (က) နဲ့ အမှုဖွင့်ဖမ်းဆီးခဲ့ပြီးနောက် နောက်ထပ်အမှု ခုနစ်ခုနဲ့ ထောင်ဒဏ်နှစ် ၅၀ နီးပါးအထိ အမြင့်ဆုံး ပြစ်ဒဏ်တွေတောင် ချမှတ်ထားပါတယ်။

 

လူသိများထင်ရှားပြီး အနုပညာရှင်တွေဖြစ်တဲ့ ဒါရိုက်တာမိုက်တီး၊ ဒါရိုက်တာဇမ္ဗူထွန်းသက်လွင်၊ ကျော်ဝင်းထွဋ်၊ အုန်းဒိုင်းတို့ကိုလည်း စစ်အုပ်စုက ရွေးကောက်ပွဲဥပဒေပုဒ်မ ၂၃ (က) နဲ့ တရားစွဲဆိုခံခဲ့ရပြီး ထောင်ဒဏ်ခုနစ်နှစ်အထိ ချမှတ်ထားသလို ရွေးကောက်ပွဲဥပဒေနဲ့ ပထမဆုံးဖမ်းဆီးခံခဲ့ရတဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အေးသာယာရပ်ကွက်က ကိုနေသွေးကိုလည်း ထောင်ဒဏ် ၇ နှစ်အထိ ပြစ်ဒဏ်ချမှတ်ထားပါသေးတယ်။

 

စစ်အုပ်စုက ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲပြီးကျင်းပနေပြီး ရွေးကောက်ပွဲ အပိုင်း ၁ ကို ပြီးခဲ့တဲ့နှစ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

 

ရွေးကောက်ပွဲ အပိုင်း ၂ ကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က မြို့နယ် ၁၀၀ မှာ ကျင်းပခဲ့ကာ ရွေးကောက်ပွဲ အပိုင်း ၃ ကိုလည်း အခုလ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ မြို့နယ် ၆၃ မြို့နယ်မှာ ပြုလုပ်မှာဖြစ်ပါတယ်။

 

ဓာတ်ပုံ – Pro-SAC

ပုံစာ – အတုယောင်ရွေးကောက်ပွဲ မဲပေးနေသည့်ကို စစ်ခေါင်းဆောင်မှ လိုက်လံကြည့်ရှုနေပုံ