လူမျိုးရေးခွဲခြားတဲ့ အမုန်းစကား “ကုလားဆိုးသောင်းကျန်းသူ” ဆိုတဲ့ အသုံးအနှုန်းကို စစ်ခေါင်း‌ဆောင် ထုတ်ပြောလာ

Author CJ Platform
Categories
Published on Jan 21, 2026

လူမျိုးတုံးသတ်ဖြတ်မှုနဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICJ) မှာ တရားရင်ဆိုင်နေရချိန် လူမျိုးရေးခွဲခြားတဲ့ အမုန်းစကား “ကုလားဆိုးသောင်းကျန်းသူ” ဆိုတဲ့ အသုံးအနှုန်းကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ပြောဆိုလာတာကို ဒီနေ့ ဇန်နဝါရီ ၂၁ ရက်ထုတ် စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြလာပါတယ်။

 

မနေ့က ဇန်နဝါရီ ၂၀ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) က စစ်တပ်အရာရှိ မိသားစုဝင်တွေနဲ့ တွေ့ဆုံချိန် စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာဖြစ်ပြီး စစ်တပ်အနေနဲ့ ပြည်ပရန်ကို ကာကွယ်ရာမှာ တရုတ်ကူမင်တန်ကျူးကျော်မှုတွေနဲ့ ကုလားဆိုးသောင်းကျန်းသူတွေကို နှိမ်နင်းခဲ့ရတယ်လို့ ထည့်သွင်းပြောဆိုထားတာပါ။

 

“နိုင်ငံ၏ လိုအပ်ချက်အရ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့် ယခင်က ဖြစ်ပွားခဲ့သည့် ပြည်ပရန်ကာကွယ်ရေး တရုတ်ကူမင်တန်ကျူးကျော်မှုများ၊ ကုလားဆိုးသောင်းကျန်းသူများကို တပ်မတော်အနေဖြင့် နှိမ်နင်းခဲ့ရကြောင်း” လို့ စစ်ခေါင်းဆောင်က ရပခဌာနချုပ်မှာ ပြောဆိုခဲ့တာပါ။

 

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ ICJ မှာ တရားရင်ဆိုင်နေရတဲ့ စစ်အုပ်စုကို ထောက်ခံသူတွေက လူမျိုးရေးခွဲခြားမှုနဲ့ အမုန်းစကား လှုံ့ဆော်မှုတွေရှိနေချိန် စစ်ခေါင်းဆောင်ကိုယ်တိုင် ပြောဆိုမှုတွေရှိလာနေတာဖြစ်ပြီး စစ်အုပ်စုလက်အောက်ခံ မြဝတီသတင်းစာနဲ့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းတွေမှာလည်း ထည့်သွင်းဖော်ပြမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ရခိုင်ပြည်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေကိုလည်း “ကုလားဆိုး အကြမ်းဖက် သောင်းကျန်းသူတွေ” လို့ စစ်အုပ်စုထိန်းချုပ်ထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ သတင်းမီဒီယာတွေမှာ ဖော်ပြမှုတွေလည်း ရှိခဲ့ပါတယ်။

 

စစ်တပ်ကျောထောက်နောက်ခံပေးထားပြီး အစွန်းရောက် အမျိုးသားရေးဝါဒီများအဖွဲ့လို့ နာမည်ဆိုးနဲ့ ထင်ရှားတဲ့ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကလည်း ICJ ကြားနာပွဲကို ရောက်ရှိနေတဲ့ ဦးကိုကိုလှိုင် ဦးဆောင်တဲ့အဖွဲ့ကို ထောက်ခံဖို့အတွက် ပြင်ဆင်မှုတွေလည်းရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာတော့ လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်မှုတွေ မဖြစ်ပေါ်စေဖို့ အမုန်းစကားဖြစ်ပေါ်စေမယ့် အသုံးအနှုန်းတွေကို တားဆီးဖို့နဲ့ ရှုတ်ချဖို့အတွက် သမ္မတရုံးက ၂၀၂၀ ဧပြီ ၂၀ ရက်မှာ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – Pro-SAC