ကချင်ပြည်ထဲက မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ထပ်မံထုတ်ပြန်လာ တစ်ဦးတည်း ပြိုင်ဘက်မရှိတဲ့ ကြံ့ခိုင်ရေးက ကိုယ်စားလှယ်လောင်း အမည်စာရင်းပယ်ဖျက်ခံရ


ကချင်ပြည်၊ မံစီမြို့နယ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကွမ်ဆန်းကို လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကနေ ပယ်ဖျက်ကြောင်း စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

 

စစ်အုပ်စုက ရွေးကောက်ပွဲ အပိုင်း (၃) ကို လာမယ့် ဇန်နဝါရီ ၂၅ ရက်မှာ ကျင်းပဖို့ပြင်ဆင်နေချိန် မံစီမြို့နယ်၊ မိုးမောက်မြို့နယ်တို့မှာ ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ကြောင်း ထပ်မံထုတ်ပြန်လာပြီးနောက် မံစီမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကိုလည်း အမည်စာရင်း ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

 

ဒါ့အပြင် ဗန်းမော်မြို့နယ်က မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတစ်ခုမှာလည်း ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ကြောင်း စစ်အုပ်စုရွေးကောက်ပွဲကော်မရှင်က ထပ်မံထည့်သွင်းကြေညာခဲ့ပါတယ်။

 

ကျန်ရှိနေတဲ့ ရွေးကောက်ပွဲအပိုင်း ၃ မှာ ကနဦးက မံစီ၊ မိုးမောက်၊ ဗန်းမော်၊ ဖားကန့်နဲ့ ရွှေဂူမြို့နယ်တို့မှာ ကျင်းပဖို့ စစ်အုပ်စုက ပြင်ဆင်ခဲ့ပေမယ့် လက်ရှိမှာတော့ မံစီနဲ့ မိုးမောက်မြို့နယ်တို့မှာ ရွေးကောက်ပွဲကျင်းပနိုင်တော့မှာမဟုတ်ပါဘူး။

 

ဒါဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်အုပ်စုကြား တိုက်ပွဲပြင်းထန်နေချိန် ကချင်ပြည်အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့မြို့နယ်တွေ၊ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာအုပ်စုတွေ ထပ်မံတိုးမြင့်လာတာလည်းဖြစ်ပြီး မြို့နယ်ပေါင်း ၆ မြို့နယ်မှာ ရွေးကောက်ပွဲ လုံးဝမကျင်းပနိုင်တော့တာ ဖြစ်ပါတယ်။

 

ဒီအခြေအနေဟာ ကချင်ပြည်အတွင်း မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာအုပ်စုစုပေါင်း ၇၈၂ နေရာထဲက ၅၀၃ နေရာမှာ ရွေးကောက်ပွဲမကျင်းပနိုင်တာကြောင့် ကချင်ပြည်အတွင်း ၆၄ ရာခိုင်နှုန်းမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Pro-SAC

ပုံစာ – ကချင်ပြည် မံစီမြို့နယ်အတွင်း ၂၀၂၀ ခုနှစ်က ရွေးကောက်ပွဲ အမည်စာရင်း ထုတ်ပြန်ကြေညာခဲ့ချိန် (ပုံဟောင်း)

 

 

Related News

Depend on news