တိုင်ကြားခံရမှုကြောင့် ဝက်လက်မြို့နယ် ပအဖ တာဝန်ခံကို တာဝန်က ယာယီရပ်နား
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ဒေါက်တာဆန်းမြင့်အောင်ကို စီမံမှုအားနည်းချက်တွေကြောင့် တာဝန်ကနေ ယာယီရပ်နားလိုက်တယ်လို့ မြို့နယ် ပအဖနဲ့နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ရက်မှ ကျင်းပခဲ့တဲ့ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဒေါက်တာဆန်းမြင့်အောင်ကို ယာယီရပ်နားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“အကြောင်းအရာတွေကတော့ များတယ်။ စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်မယ်လို့ သိရတယ်။ လက်ရှိကတော့ လုပ်ငန်းစဉ်တွေ မလစ်လပ်ဖို့တော့ ခရိုင်ပအဖက ပူးတွဲအုပ်ချုပ်မယ်လို့တော့ သိရတယ်” လို့ မြို့နယ်ပအဖ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဝက်လက်မြို့နယ် အုပ်ချုပ်ရေးတာဝန်ခံအနေနဲ့ မြို့နယ်တွင်း စီမံခန့်ခွဲမှုအားနည်းချက်တွေ၊ တိုင်ကြားခံရမှုအများအပြားရှိနေတာတွေအပြင် ငွေကြေးဆိုင်ရာ အလွဲအမှားတွေရှိနေတာကြောင့် အခုလို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ကနဦး သတင်းအချက်အလက်တွေအရ သိရပါတယ်။
