ကြာအင်းဆိပ်ကြီးမှာ စစ်အုပ်စုရွေးကောက်ပွဲကို လူ ၇၀၀၀ ကျော်နဲ့ ဆန္ဒပြ
ကရင်ပြည်၊ ကြာအင်းဆိပ်ကြီးမြို့နယ် (ဒူးပလာယာခရိုင်) မှာ ဒေသခံပြည်သူ ၇၀၀၀ ကျော်က စစ်အုပ်စု ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ပြန်လာပါတယ်။
KNU ကော်သူးလေအုပ်ချုပ်နယ်မြေ ကော့ကရိတ်မြို့က ဒေသခံပြည်သူ ၂၆၅၀ ဦး၊ ကျုံဒိုးမြို့က ပြည်သူ ၄၀၀ ဦး၊ ဝင်းရေးမြို့က ၂၀၀၀ ဦး၊ နို့တကောမြို့က ၂၀၀၀ ဦး စတဲ့ ဒေသအသီးသီးက ဒေသခံပြည်သူ စုစုပေါင်း ၇၀၀၀ ကျော်ဟာ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြတာပါ။
ဒီမြို့နယ်တွေမှာ စစ်အုပ်စုက ရွေးကောက်ပွဲ အပိုင်း ၃ ကို ကျင်းပဖို့ရှိနေပေမယ့် ဒီရွေးကောက်ပွဲဟာ ပြည်သူတွေကို ကိုယ်စားမပြုသလို စစ်မှန်တဲ့ ရွေးကောက်ပွဲတစ်ခု မဟုတ်ဘူးလို့ ဆန္ဒပြပွဲကို ဦးဆောင်သူတွေက ဟောပြောတာ၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာတွေ လုပ်ဆောင်ခဲ့သလို ပြည်သူတွေကို ညှင်းပန်းသတ်ဖြတ်နေတဲ့ စစ်အာဏာရှင် အတုအယောင်ရွေးကောက်ပွဲကို အလိုမရှိဘူးလို့ ဆန္ဒထုတ်ဖော်ပြီး စီတန်းလှည့်လည်ခဲ့ကြပါတယ်။
ဒါ့အပြင် ဒီနေ့မနက်ပိုင်းမှာလည်း မြိတ်-ထားဝယ်ခရိုင်အတွင်းမှာ ဒေသခံလူငယ်တွေ ဦးဆောင်ပြီး ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြမှုတွေလုပ်ဆောင်ခဲ့ကြသလို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်ကလည်း ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်နဲ့ ဆောထိမြို့နယ်တို့က ဒေသခံ ၅၀၀ ဝန်းကျင်ဟာ ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ကြပါသေးတယ်။
ဓာတ်ပုံ – KNU






