ပြည်တွင်းမှာ နိုင်ငံခြားဆေးဝါးတွေ ဝယ်မရတော့လို့ အခက်တွေ့

Author CJ Platform
Categories
Published on Jan 16, 2026

ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံအတွင်း စစ်အုပ်စု ထိန်းချုပ်ရာ မြို့ကြီးတွေမှာ နိုင်ငံခြားထုတ် ဆေးဝါးတွေ ဝယ်ယူမရတော့တာကြောင့် ပြည်သူတွေ အခက်တွေ့နေကြရတယ်လို့ ဆေးဆိုင်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

 

သာမန် ဖျားနာရောဂါတွေအတွက် ဆေးဝါးတွေအပြင် ပုံမှန်လူသုံးများတဲ့ အားဆေးအမျိုးအစားတွေပါ ဝယ်ယူဖို့ ခက်ခဲနေတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာလို့ ဆိုပါတယ်။

 

“အင်နာဗွန်စီ (Enervon-C) တောင်မှ လေလံဆွဲပြီး ဝယ်နေရသလိုဖြစ်နေတာ၊ ဘယ်ဆိုင်မှာတော့ ဘယ်လောက်ရှိသေးတယ်ဆိုပြီး Viber Group လေးဖွဲ့ထားပြီး နည်းနည်းစီ အမြတ်တင်ပြီး ပြန်ရောင်းတာနဲ့ လည်ပတ်နေရတယ်၊ ဘာမှ တင်သွင်းလို့ မရဘူး” လို့ ရန်ကုန်မြို့ လမ်းမတော်မြို့နယ်မှာ ဆေးဆိုင်ဖွင့်လှစ်ထားသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

နှလုံးရောဂါ၊ သွေးတိုးရောဂါ အစရှိတဲ့ နေ့စဉ် ဆေးဝါးမှီဝဲနေရသူ ဝေဒနာရှင်တွေမှာ ပုံမှန်သောက်သုံးဖို့အတွက် ဆေးဝါးတွေ ဝယ်ယူမရတဲ့ အခြေအနေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

 

“အမေ့အတွက် ဆေးက ပြတ်လို့မရတော့၊ လစာထုတ်ပြီဆို ဘယ်ဆေးဆိုင်တွေ့တွေ့ ဆေးဝင်မေးတယ်၊ ရတာနဲ့ သက်တမ်းကုန်ဆုံးရက်ကို ကြည့်တယ်၊ ဝေးသေးတယ်ဆိုရင် ဘယ်လောက်ပေးရပေးရ ဝယ်ထားလိုက်ရတယ်၊ မဟုတ်ရင် ဝယ်မရဘူး၊ ဒါတောင် ဆိုင် ၁၀ ဆိုင်လောက်မေးလို့ တစ်ခုရရင် ကံကောင်းတဲ့နေ့ပဲ” လို့ ရန်ကုန်မြို့နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

ဆေးဝါးတင်သွင်းနေတဲ့ ကုမ္ပဏီတွေမှာလည်း သွင်းကုန်လိုင်စင်တွေ ခက်ခဲနေတာကြောင့် ဆေးဝါးတင်သွင်းလို့မရတဲ့အဖြစ်ကို ရင်ဆိုင်နေရတယ်လို့ ဆေးဆိုင်လုပ်ငန်းရှင်တွေက ဆိုပါတယ်။

 

အရင်က အိမ်သုံးဆေးဝါးတွေနဲ့ ပတ်သက်ပြီး လွယ်ကူစွာ ရှာဖွေရရှိနိုင်တဲ့ မင်္ဂလာဈေးလို နေရာတွေမှာပါ ဆေးဝါးအများစု ပြတ်လပ်နေတယ်လို့ သိရပါတယ်။

 

“ကုမ္ပဏီတွေကို ဆေးမှာရင်လည်း အရင်လို လာမချပေးနိုင်တော့တာများတယ်၊ မင်္ဂလာဈေးမှာလဲ မရတော့ဘူး၊ ကုန်းလမ်းကနေဝင်ဖို့ဆိုရင်လည်း လမ်းတွေ ပိတ်ထားတော့ ဆိုင်တွေအများစုမှာ ဗမာဆေးတွေပဲ ရောင်းဖို့ရှိတယ်” လို့ ရန်ကုန်မြို့ လမ်းမတော်မြို့နယ်မှာ ဆေးဆိုင်ဖွင့်လှစ်ထားသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

နာတာရှည်ဝေဒနာများအတွက် နေ့စဉ်သောက်သုံးရတဲ့ ဆေးဝါးတွေကို ပြည်ပအလည်ပတ်သွားသူတွေကို အကူအညီတောင်းခံကာ ဝယ်ယူခိုင်းနေရတယ်လို့ ဆိုပါတယ်။ ဒါဟာလည်း လေဆိပ်စစ်ဆေးရေးဂိတ်မှာ ဆေးဝါးတွေ သယ်ဆောင်လာရင် ငွေတောင်းခံတာ၊ ဆေးတွေကို သိမ်းဆည်းတာတွေကြောင့် ပြည်သူတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

 

“ဟာသပြောရရင် ဟိုင်းခန်းတွေမှာ ‘ကေ’ (Ketamine) လိုသလောက် ရနိုင်ပေမယ့် အရေးပေါ်တားဆေးတောင် ဝယ်ဖို့ခက်တယ် အစ်ကို” လို့ ရန်ကုန်မြို့ခံ CJ Platform ရဲ့ Citizen Journalist ကပြောပါတယ်။

 

ဓာတ်ပုံ – CJ