■ တိုက်နယ်ဆေးရုံဗုံးကြဲခံရပြီး CDM ဆရာဝန်နဲ့ ကလေးငယ်အပါအဝင် သုံးဦးသေဆုံး ■ ဆရာဝန်ရဲ့ ဈာပနမှာပါ စစ်အုပ်စုက လေကြောင်း ထပ်မံတိုက်ခိုက်

Author CJ Platform
Categories
Published on Jan 05, 2026

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အနောက်ခြမ်းက တိုက်နယ်ဆေးရုံကို မနေ့ ဇန်နဝါရီ ၄ ရက်နေ့ မွန်းလွဲ ၂နာရီခန့်မှာ စစ်အုပ်စုက ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့ရာ CDM ဆရာဝန်တစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ဆားလင်းကြီးမြို့နယ်၊ မတောင့်တတိုက်နယ်ဆေးရုံကို မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) က တက်လာတဲ့ ဂျိုင်ရိုကော်ပတာသုံးစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုတွေဖြစ်ပေါ်ခဲ့တာလို့ သိရပါတယ်။

 

“ကြဲသွားတဲ့နေရာက ဆေးရုံက စားဖိုဆောင်ပေါ်ကို တည့်တည့်ကြဲတော့ လူနာတွေကိုတော့ အရမ်းမထိခိုက်ဘူးဗျ၊ အဘိုးတစ်ယောက်ရယ်၊ အဘိုးရဲ့ မြေးရယ်၊ ဆရာဝန်ရယ်သေဆုံးသွားတယ်” လို့ နွေဦးရောင်နီ သတင်းမှန်ပြန်ကြားရေး က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

 

စစ်အုပ်စုရဲ့ ဗုံးကြဲမှုကြောင့် ဆေးရုံမှာတာဝန်ထမ်းဆောင်နေတဲ့ CDM ဆရာဝန်တစ်ဦး၊ ဆေးရုံရှိကျန်းမာရေးဝန်ထမ်းတွေအတွက် ချက်ပြုတ်ပေးနေသူ အမျိုးသားတစ်ဦးနဲ့ ၁၃ နှစ်ခန့်ကလေးတစ်ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် မနေ့က စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူ CDM ဆရာဝန်ရဲ့ ဈာပနအခမ်းအနားကို ဒီကနေ့မှာ နေရာရွှေ့ပြောင်းကျင်းပခဲ့ရာ စစ်အုပ်စုက ထပ်မံလေကြောင်း တိုက်ခိုက်ခဲ့တာကြောင့်လည်း ထိခိုက်မှုတွေရှိနေတယ်လို့ သိရပါတယ်။

 

“ဆရာဝန်ရဲ့ ဈာပနကို ဒီနေ့နေ့လယ်မှာ ယင်းမာပင်နယ်ရွှေ့ပြောင်းပြီး ကျင်းပတာ၊ အဲဒါကို သတင်းရတာဖြစ်မယ် နှစ်ကြိမ်လာကြဲသွားတယ်၊ မကြာသေးခင်က ကြဲသွားတာဆိုတော့ ရှင်းလင်းရေးမဝင်ရသေးတော့ ထိခိုက်မှုအတိအကျမသိရသေးဘူး” လို့ ဒေသခံတစ်ဦးက ဒီကနေ့ ညနေ ၄ နာရီခန့်မှာ CJ Platform ကို ပြောပါတယ်။

 

ဒီကနေ့ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုအခြေအနေတွေနဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေတွေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

 

စစ်အုပ်စုဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဒေသခံတွေအပေါ် ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလအတွင်းမှာ စစ်ကိုင်းတိုင်းအတွင်းက ဝက်လက်၊ ခင်ဦး၊ ရေဦး၊ ရွှေဘို၊ ဒီပဲယင်း စတဲ့နေရာတွေက ဒေသခံ ၁၀၀ ခန့်အထိသေဆုံးခဲ့ပြီး ဒေသခံ ၁၅၀ ကျော်ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ CJ Platform က စာရင်းပြုစုထားချက်တွေအရ သိရပါတယ်။

 

၂၀၂၆ ခုနှစ် နှစ်စပိုင်း ဇန်နဝါရီ ၁ ရက်ကနေ ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့အထိမှာလည်း စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးမြို့နယ်အပါအဝင် မုံရွာ၊ ဒီပဲယင်း၊ အင်းတော်၊ ကန့်ဘလူ၊ ကသာ မြို့နယ်တွေမှာလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးသူငယ်တွေအပါအဝင် ဒေသခံ ၁၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ခန့်ရှိနေပြီ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

ပုံစာ – စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်ခဲ့သည့် မတောင့်တတိုက်နယ်ဆေးရုံကို မြင်ရပုံ (ပုံဟောင်း)