ရွာဦးကျောင်း ဆရာတော်ပါ ထွက်ပြေးရတဲ့ ပသုံးလုံးရဲ့ ရန်ပွဲ

Author CJ Platform
Categories
Published on Jan 03, 2026

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ ရပ်ကျေးပသုံးလုံးအဖွဲ့တွေနဲ့ ဒေသခံတွေအကြား ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ရာ တော်လှန်ရေးအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံသုံးဦး  ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ရပ်ကျေးခေါင်းဆောင် အနေနဲ့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

 

မင်းကင်းမြို့နယ်၊ ရွာဘကျေးရွာ၊ ရွာဦးဘုန်းကြီးကျောင်းမှာ ဘုန်းတော်ကြီးတစ်ပါးတည်းရှိတာကြောင့် ကျောင်းဝေယျာဝစ္စနဲ့ ညစောင့် ကပ္ပိယအတွက် ကျေးရွာကိုအကူအညီတောင်းခဲ့ရာမှာ ဇန်နဝါရီ ၁ ရက်နေ့ညပိုင်းက ကျေးရွာရပ်မိရပ်ဖတချို့နဲ့ ဒေသခံတွေ အစည်းဝေးလုပ်နေချိန် ကျေးရွာ ပအဖ ဦးချစ်ဌေးရောက်လာပြီး လက်နက်နဲ့ လက်ပစ်ဗုံးကိုင်ဆောင်ကာ ခြိမ်းခြောက်ခဲ့ရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

“ဆောင်းအခါဆိုတော့ မီးလေးဖိုပြီးနေတာကို ဝင်ပြီးတော့မှ သူကသေနတ်လေးကအတိုလေး အဲဒါကို မီးဖိုထဲကို ထည့်လိုက်ရမလားပြောတာ၊ အဲဒီမှာ ရွာသားတစ်ယောက်က ထည့်လိုက် သေရမှာမကြောက်ဘူးလို့ ပြန်ပြောတယ်၊ အဲဒီလိုပြန်ပြောတာကို အဲဒီကောင်လေးတွေနောက်လိုက်ပြီး ရန်ရှာတာ၊ အဲဒါကြောင့် ပလဖအဖွဲ့ဝင်နှစ်ယောက်နဲ့ ရပ်မိရပ်ဖတွေက ဖမ်းဆီးခဲ့ပြီး သူပါလာတဲ့ပစ္စည်းတွေကိုသိမ်းလိုက်တာ” လို့ ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ဖမ်းဆီးပြီးနောက် ကျေးရွာဒေသခံတွေနဲ့ ရပ်ကျေးပလဖအဖွဲ့ဝင်နှစ်ဦးက မြို့နယ် ဒုတာဝန်ခံ ဦးဇော်မင်းကို ဆက်သွယ်ပြီး ရွာဘကျေးရွာပအဖကို သူယူဆောင်လာတဲ့လက်နက်နဲ့တကွ သွားရောက်အပ်နှံခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီလိုဖမ်းဆီးလုပ်ဆောင်ခဲ့တာကြောင့် မနေ့က ဇန်နဝါရီ ၂ ရက်နေ့ ည ၇ နာရီ ဝန်းကျင်ခန့်မှာ ကျေးရွာ ပကဖ နဲ့ မြစ်ရိုးအထက် ပလဖ အဖွဲ့ ဒုတာဝန်ခံ ဦးအေးလွင် (ရွာဘရွာ ပလဖ တာဝန်ခံ) နဲ့အဖွဲ့ဟာ အင်အား ၅၀ ခန့်နဲ့ ကျေးရွာကိုဝင်ရောက်စီးနင်းကာ ရပ်ကျေးပအဖကို ဖမ်းဆီးခဲ့တဲ့ ပလဖအဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

 

“သူတို့က ပလဖကိုဖမ်းတော့ ရွာသူရွာသားတွေရော၊ ရပ်မိရပ်ဖတွေရော အဲဒီကလေးတွေ လုပ်တာမှန်တယ်ပေါ့ ဘာလို့လာဖမ်းတာလဲပြောကြရင်းနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ကြရင်း၊ ရွာထဲမှာကို သေနတ်ပေါင်းကို မရေနိုင်ဘူး၊ အဲဒီချိန်မှာ ဦးအေးလွင်က သေနတ်ကို လူကြားထဲမှာ ပစ်လိုက်တာ လူသုံးယောက် ထိမှန်ခဲ့တယ်” လို့ မင်းကင်းမြို့နယ် ဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုအတွင်း ပြန်လည်ခုခံမှုအချို့ကြောင့် မြစ်ရိုးအထက် ပလဖ အဖွဲ့ ဒုတာဝန်ခံ ဦးအေးလွင် (ရွာဘရွာ ပလဖ တာဝန်ခံ) အနေနဲ့လည်း ဓားရှဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မင်းကင်းမြို့နယ်ပအဖကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ “ပလဖ တပ်ဖွဲ့ဝင်တွေ ဖြစ်တာကြောင့် မြို့နယ် ပလဖ ရဲ့ တပ်စည်းကမ်းအတိုင်းပဲ လုပ်ဆောင်ရမယ် အရပ်သားတွေ ပါဝင်ပတ်သက်တယ်ဆိုရင်လဲ ဥပဒေအကြောင်းအရ သွားရမှာပါဗျ” လို့ CJ Platformကို ပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် ဒီကနေ့ ဇန်နဝါရီ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်မှာလည်း ရွာဘကျေးရွာ ပသုံးလုံးတာဝန်ရှိသူတွေဟာ အင်အားအများအပြားနဲ့ ပြန်လည်ဝင်ရောက်စီးနင်းခဲ့ကာ ရွာသားတွေကို ရှာဖွေတာ၊ ဝိုင်ဖိုင်တွေကို ပိတ်သိမ်းနေတာတွေရှိတယ်လို့ သိရပါတယ်။

 

“ခုကဘုန်းကြီးကလည်း မရှိတော့ဘူး ထွက်ပြေးသွားပြီ၊ ရွာသားတွေကလည်း တိမ်းရှောင်နေကြရတယ်” လို့ ဒီအကြောင်းတွေကိုသိတဲ့ အမျိုးသမီးတစ်ဦးက CJ Platform ကို ဒီကနေ့ ဇန်နဝါရီ ၃ ရက်ညနေပိုင်းမှာ ပြောခဲ့ပါတယ်။

 

ဒေသခံတွေရဲ့ ပြောဆိုချက်အရ ရွာဘရွာကျေးရွာ ချင်းတွင်းမြစ်ဘေးမှာ ရွှေမျှောတွေ လုပ်ငန်းလုပ်ကိုင်ရာမှာ၊ အခွန်ရှင်းတမ်း မလုပ်ဆောင်တာတွေနဲ့ ပတ်သက်ပြီး ကျေးရွာပသုံးလုံးအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေကြား မပြေလည်မှုတွေလည်း ရှိနေတယ်လို့သိရပါတယ်။

 

ဓာတ်ပုံ – ပေးပို့