ကန့်ဘလူနယ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ပအဖက တတိယအကြိမ်မြောက် မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများက ဖမ်းဆီးရရှိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို တတိယအကြိမ်မြောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
NUG အစိုးရ မြို့နယ်တရားစီရင်ရေးကနေ အမှုစီရင်ပြီးပြတ်ခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို ဒီကနေ့ ဇန်နဝါရီ ၃ ရက်နေ့မှာ တတိယအကြိမ်မြောက်အဖြစ် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး WY စိတ်ကြွဆေးပြား – ၂၀၇၅ ပြား၊ WY အမှုန့်ထုပ် – ၁၉၇ ထုပ် နဲ့ အိုက်စ် (ICE) – ၅ ခဲ တို့ ပါဝင်တယ်လို့ သိရပါတယ်။
“ အဓိကတရားခံတွေကို မထိန်းသိမ်းနိုင် မရှာဖွေနိုင်ဘူးဆိုရင်တော့ မူးယစ်ဆေးတွေက ပြည်သူတွေကြား ပျံ့နှံ့နေဦးမှာပေါ့ ၊ အဓိကဖြန့်ဖြူးနေသူတွေကလည်း စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေသူဆိုတာက လက်ဆုပ်လက်ကိုင် မပြနိုင်ပေမယ့် သူတို့နဲ့ ဆက်စပ်သူတွေကပဲ ဒါတွေကိုဖြန့်ဖြူးနေတာပေါ့ဗျာ။ ဆိုတော့ ကျွန်တော်တို့ တော်လှန်ရေးအပေါ်မှာ အများကြီး မူတည်နေတယ်ပေါ့ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ရင်တော့ ဒီမူးယစ်ဆေးဝါးလုပ်ငန်းတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်မယ်” လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဲဒီ မူးယစ်ဆေးဝါးတွေကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ တရားစီရင်ရေးအဖွဲ့ နဲ့ ပြည်သူ့ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတွေ ၊ ဒေသခံအသိသက်သေတွေ ရှေ့မှောက်မှာ ပွင့်လင်းမြင်သာစွာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ ဘိန်းဖြူ ဆပ်ပြာခွက် (၈၈) ခွက်၊ ဘိန်းမဲ ၂ ပိဿာ (၂၅) ကျပ်သား ၊ WY စိတ်ကြွမူးယစ်ဆေးပြား ၅၆၀၀ ပြားတို့ကို ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့သလို ၊ စက်တင်ဘာ ၁၄ ရက်နေ့ကလည်း ဒုတိယအကြိမ်အဖြစ် ဘိန်းဖြူဆပ်ပြာခွက် ၉ ခွက်၊ WY စိတ်ကြွမူးယစ်ဆေးပြား ၂၂၄၉ ပြားနဲ့ ဆေးသုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို မြို့နယ်တာဝန်ရှိသူတွေနဲ့ အများပြည်သူရှေ့မှောက်မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဓာတ်ပုံ – ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
