မယ်ဟန်ကျေးရွာဟာ MNDAA ထိန်းချုပ်ဒေသ အထူးဒေသ (၁) ထဲ ပါဝင်လာတော့မယ်

Author CJ Platform
Categories
Published on Jan 02, 2026

လားရှိုးမြို့ကို စစ်အုပ်စုထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပေမယ့် မြို့အဝင် ကျေးရွာဖြစ်တဲ့ မယ်ဟန်ကျေးရွာဟာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်တော် MNDAA ထိန်းချုပ်ဒေသဖြစ်တဲ့ အထူးဒေသ (၁)အတွင်း ပါဝင်လာတော့မှာ ဖြစ်တယ်လို့ MNDAA သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူထံက သိရပါတယ်။

 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၉ ရက်က လားရှိုးမြို့မှာ MNDAA ခေါင်းဆောင်တွေနဲ့ စစ်အုပ်စုဘက်က တာဝန်ရှိသူတို့ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း အခုလို MNDAA ဘက်ကနေ ပြည်ထောင်စုလမ်းမကြီးပေါ်က ဂိတ်နှစ်ခုကို ရုပ်သိမ်းခဲ့ရာမှာ မယ်ဟန် စစ်ဆေးရေးဂိတ်လဲ ပါဝင်ခဲ့ပါတယ်။

 

“သီပေါတံတားကနေ နမ့်လန်ဘက်သွားတဲ့ ကိုးမိုင်ခွဲအထိ ဆုတ်တာကတော့ ဟုတ်ပါတယ်။ လားရှိုးမြို့ မယ်ဟန်ဂိတ်ကတော့ မရှိတော့ဘူးပေါ့။ ဒါပေမယ့် မယ်ဟန်ကတော့ အထူးဒေသ ၁ ထဲမှာပါတော့မှာ။ မြို့ရှောင်လမ်းခွဲပေါ့။ ဂိတ်မရှိတော့ပေမယ့် MNDAA ကတော့ ရှိတုန်းပါပဲ” လို့ MNDAA သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူ ကိုနေဝေစိုးက CJ Platform ကို ပြောပါတယ်။

 

လားရှိုးမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိနေတဲ့ မယ်ဟန်ရွာကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ ၁ ထဲ ထည့်သွင်းသွားမယ့်အခြေအနေနဲ့ပတ်သက်ပြီး စစ်အုပ်စုဘက်ကရော MNDAA ဘက်ကပါ တရားဝင် ထုတ်ပြန်လာတာမျိုးတော့ မရှိသေးပါဘူး။ လက်ရှိအချိန်ထိတော့ မယ်ဟန်ရွာဟာ ကိုးကန့်တပ်ဖွဲ့တွေရဲ့ အုပ်ချုပ်မှုအောက်မှာသာ ဆက်ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် နှစ်ဖက်ထိန်းချုပ်ဒေသအတွင်းက ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စစ်အုပ်စုဘက်ကပါ ဂိတ်တွေမထားရှိဖို့ သဘောတူညီမှုရရှိခဲ့တာကို မြေပြင်အခြေအနေမှာ ကြားသိထားရတယ်လို့ ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောပေမယ့် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မသိရှိကြောင်း ကိုနေဝေစိုးက ပြောပါတယ်။

 

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း လားရှိုးမြို့အပါအဝင် ရှမ်းမြောက်ဒေသအများစုကို MNDAA နဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင် ပူးပေါင်းအဖွဲ့တွေက သိမ်းယူထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလကုန်ပိုင်းမှာ MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်အုပ်စုထံ လွှဲပြောင်းပေးခဲ့ပါတယ်။

 

ဒါပေမယ့် လားရှိုးမြို့ပြင်နေရာတွေနဲ့ ကျေးရွာတွေကိုတော့ MNDAA က ဆက်လက်ထိန်းချုပ်ထားခဲ့တာကြောင့် စစ်အုပ်စုက အဲဒီဒေသတွေကိုပါ ပြန်လည်ရယူလိုနေပြီး သိန္နီမြို့ကိုပါ ပြန်လည်လွှဲပြောင်းပေးဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

 

ဓာတ်ပုံ – Mapillary

ပုံစာ – လားရှိုးမြို့ မယ်ဟန်ရွာ လမ်းဆုံနေရာကို မြင်ရပုံ (ပုံဟောင်း)