“ငါမသေမချင်း ငါ့စခန်းအား စစ်မိစ္ဆာများမရစေရ”
မင်းဘုဏ်းလူ(၅၀၅)
ရှမ်းကယားနယ်စပ် မိုးဗြဲမြို့နယ် တောတွင်းတစ်နေရာတွင် လူနှစ်ဆယ်ခန့် စက်ဝိုင်းပုံသဏ္ဍာန်နေရာယူထားကာ တစ်ယောက်နှင့်တစ်ယောက် စကားပင်မပြောနိုင်ပဲ အပ်ကျသံကြားရသည်အထိ တိတ်ဆိတ်ငြိမ်သက်စွာ ။
လူသားများ၏ခန္ဓာကိုယ်ကတော့ လုံးဝငြိမ်သက် ဆိတ်ငြိမ်လျက်။သူတို့၏အတွေးကိုယ်စီကတော့ လှုပ်ရှားနေမှာအမှန်ပင်။
ထိုအထဲမှ တပ်ဖွဲ့ခေါင်းဆောင် ဆရာဘုဏ်းတစ်ယောက်ကတော့ စိတ်တွေလှုပ်ရှားခြင်းကြီးစွာဖြင့် ရှေ့တူရူသို့ အာရုံစိုက်လျက်ရှိနေသည်။
လွန်ခဲ့သော ညထဲက စစ်ခွေးတပ်၏ အလစ်အငိုက်တိုက်ခိုက်မှုဖြင့် စခန်းကိုဝင်စီးခံနေရသည်မှာ ယခုဆို၁၂နာရီပင်ကျော်လာခဲ့ပြီ။ရဲဘော်အင်အား တပ်စုတစ်စုစာဖြင့် ကြံ့ကြံ့ခံကာကွယ်နေရင်း ငါမသေငါ့စခန်းမကျစေရဟူသော စကားတစ်ခွန်းကို တွင်တွင်ရွတ်ရင်း အားတင်းနေရသည်။
ဒဏ်ရာရရဲဘော်များအခြေအနေ ၊ကျဆုံးရဲဘော်ခန္ဓာကိုယ်ကိုကြည့်ရင်း မျက်ရည်မကျအောင် သတိနှင့်ထိန်းနေရသည်။ ခေါင်းဆောင်မိမိကိုယ်တိုင် စိတ်ဓါတ်ကျနေပါက ရဲဘော်များကို ထိန်းနိုင်မည်မဟုတ်တော့။
မိမိကိုယ်တိုင်လည်း မိမိရဲဘော်တွေအတွက်အားတင်း ထားရမည်။ ရန်သူ့ဘက်မှ လက်နက်ကြီးပစ်ကူ၊လေကြောင်းပစ်ကူများအန္တရာယ်ကိုလည်း အထူးသတိထားနေရသည်။ ရန်သူတို့၏စိတ်ဓါတ်စစ်ဆင်ရေး ကျားထိုးသံကြားတိုင်း ကျည်မဖြုန်းမိစေရန် ရဲဘော်များကိုလည်းကြီးကြပ်နေရသေးသည်။ မိမိတို့လက်ကျန်ခဲယမ်းအင်အားနှင့် ရန်သူကိုအမှည့်ချွေနိုင်ရန်စီစဉ်ရသည်။နောက်ဆုံးအဆင့် စခန်းကျလျင်အသေခံဗုံးခွဲရန်အထိ စဉ်းစားထားသည်။
စစ်ကူ အမှာကလည်းရောက်ရန်လိုအုံးမည်။လက်နက်ကြီးကျည် ကျခြင်းစိပ်လာသည် မကြာမီ ရန်သူကျားထိုးတော့မည်။အခြေအနေက မိနစ်ပိုင်းအတွင်းဘာမဆိုဖြစ်သွားနိုင်သည်။
ဆက်သွယ်ရေးတပ်သားထံမှ ဆရာဘုဏ်း ကြိုးကြာနဲ့ချိတ်မိပြီဆိုသောအသံထွက်လာသည်။ ထခုန်ချင်လောက်အောင်ဝမ်းသာရသည်။
“ဆရာဘုဏ်းအသံကောင်းလား၊ အသံကောင်းတယ်ကြိုးကြာ အသံကောင်းတယ်၊ ဆရာဘုဏ်း ကိုယ့်နေရာကိုယ်နေပါ၊မိနစ်သုံးဆယ်အတွင်း သံကြိုးရိုက်မယ်၊ ကိုယ့်နေရာကိုယ်ရှိတယ် ကိုယ့်နေရာကိုယ်ရှိတယ် တစ္ဆေမဖြစ်မချင်း ကိုယ့်အိမ်ကိုယ်စောင့်မယ် ဒါပဲ။ ဟုတ်ပြီဆက်လုပ်ပါ” တပ်ရင်းမှအဆက်အသွယ်၊ အမိန့်ရသည်နှင့် ငဘုဏ်း ရှေ့ခံစစ်လိုင်းသို့ အပြေးထွက်လာခဲ့သည်။
ငဘုဏ်းတစ်ယောက် အားတက်သွားချေပြီ၊တစ်ဆက်ထဲ “စုမှူးရေ စိပ်မှူးတွေကနေတစ်ဆင့်ရဲဘော်တွေကို ငါတို့စစ်ကူလာနေပြီ ၊အားတင်းထားဖို့ ပြောပေးထား ဒဏ်ရာရရဲဘော်တွေကို လုံခြုံရာပို့ထား၊ပါစကွားလယ်အလောင်းကို ကတုတ်ကျင်းထဲသယ်ချထား၊ ကိုယ့်တာဝန်ကိုယ်ကျေပါစေ”မှာစရာရှိတာမှာပြီး ခံစစ်ကင်းရှိရာဆီသို့ တွားတက်လာခဲ့သည်။
ထိုအချိန်မှာပင် ” ဝုန်း အုန်း အုန်း ၊ဒက် ဒက် ဒက်၊ဖောက် ဖောက်ဟူသောလက်နက်ကြီးကျသံ ၊လက်နက်ငယ်သံ၊စက်လတ်သံတို့နှင့်အတူ ကျားယား” ဟူသောရန်သူ၏ ကျားထိုးသံကိုကြားလိုက်ရလေပြီ။ အနားတွင်လက်နက်ကြီးကျသံနှင့်အတူ ဘယ်ဘယ်ကျောပြင်တစ်ခုလုံးပူထူသွားပြီး ဆရာဘုဏ်းထိသွားပြီ ဆရာဘုဏ်းထိသွားပြီဆိုသောအသံ ၊ဟျောင့်တက်မဆွဲနဲ့တက်မဆွဲနဲ့ အော်ဟစ်မိရင်းက အရုပ်ကြိုးပြတ်လဲကျသွားသော သာစေးကိုမြင်လိုက်ရ၊ ငါလိုးမရဲ့သားတွေ တစ်ကောင်မှတက်မလာနဲ့ ငါရှိတယ်ဆရာ့အနားမှာငါရှိတယ် ဟူသော ဆိုတေး၏အသံ ။
မျက်လုံးမှိတ်ရတော့မလား ငါသေတော့မလားဟူသော အတွေး၊ ငါ့ရဲဘော်တွေရှိသေးတယ် ငါ့ရဲဘော်တွေဆိုသောအသိနှင့်အတူ”မအေပေးတွေ ငါဘာမှမဖြစ်ဘူး ငါ့ဆီတစ်ကောင်မှတက်မလာနဲ့ အော်ရင်း ရှေ့တူရူဆီ လက်ကျန်အားကို ညှစ်ထုတ်ကာ တောက်လျောက်ပစ်နေမိသည်။
ရဲဘော်များကတော့ သူတို့တာဝန်ကျေပွန်စွာပင် ဆက်လက်ခုခံလျက်၊မျက်လုံးတွေကလည်းပြာလာပြီ၊ ဘာမှမမြင်ရချင်တော့ အချိန်ဘယ်လောက်ရှိသွားပြီလည်းမသိ။
ငါတို့ ရောက်ပြီဟေ့ဟူသောအသံ ရန်သူဘက်မှ ဆုတ် ဆုတ်ဟူသောအမိန့်ပေးသံတို့နောက် ငဘုဏ်းတစ်ယောက် ဘာမျှမသိတော့။
အာခေါင်ထဲခမ်းခြောက်လာခြင်းကြောင့် “ရေ ရေဆာတယ် ” ငြီးတွားမိချိန်။ဆရာသတိရပြီဟေ့ ဟူသော အသံနှင့်အတူ စိုးရိမ်တကြီးဝိုင်းကြည့်နေသောမျက်ဝန်းများကို ငဘုဏ်း ရင်ဆိုင်လိုက်ရသည်။ သို့သော် ဘာမှမတွေးအားသေး။
ငါ့စခန်း ဘာဖြစ်သွားပြီလဲ၊ ငါ့ရဲဘော်တွေရောဘယ်မှာလဲဟူသောမေးခွန်းများသာ ပါးစပ်က ထွက်သွားမိသည်။ ရဲဘော်တွေတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း စကားသံများ ထွက်မလာခဲ့။ “အေပေးတွေ ဘာဖြစ်နေတာလဲ ငါမေးတာဖြေ” ကုန်းအော်မိတော့ အားလုံးပါးပြင်မှာ မျက်ရည်ကိုယ်စီ နှင့်သာ သို့သော် အသံထွက်မလာခဲ့။
အချိန်အနည်းငယ်ကြာမှ ခွဲမှူးထံက စကားတစ်ချို့ထွက်ကြလာသည်။
“ဆရာစိတ်အေးအေးထားပါ ၊စခန်းကိုကျနော်တို့ထိန်းထားနိုင်ပါတယ် ဒါပေမဲ့ ” ခွဲမှူးပြောရင်းတံတွေးမျိုချလိုက်သည် ၊မျက်ရည်အချို့ ပါးပြင်ပေါ်ဖြတ်ဆင်းသွားသည်။
“ဒါပေမဲ့ဘာဖြစ်လဲပြောလေဗျာ ” ဆရာ့ရဲဘော် သာစေးနဲ့ ဆိုတေးရို သတ္တိရှိရှိ သူရဲကောင်းပီသစွာ အသက်နဲ့ရင်းကာကွယ်သွားခဲ့ပါတယ်” “ဟာ ဗျာ” မအေပေးတွေဗျာ ကျနော်ပဲသေချင်တယ် ကျနော်သေပါရစေဗျာ တတွတ်တွတ်ရွတ်ရင်း ကိုဘုဏ်း မျက်ရည်တို့က အဆီးအတားမရှိ ပါးပြင်ပေါ်ဖြတ်ကျလာခဲ့သည် သို့သော် ငဘုဏ်း တကယ်မသေနိုင်ပါ ။
ကျနော့်ရဲဘော်များအတွက် ၊မှီခိုနေသော မိသားစုများအတွက်၊ ကျဆုံးသွားသော ရဲဘော်များအတွက် ဆက်လက်ရှင်သန်ရင်း စစ်အာဏာရှင်မိစ္ဆာများကို အမြစ်ပြတ်ချေမှုန်းတိုက်ခိုက်ရအုံးမည်မဟုတ်ပါလား။
ငဘုဏ်းသည် ယခင်က ကျောင်းဆရာ ငဘုဏ်းသည် ကဗျာများကိုချစ်သူ နူးညံ့ပြီးခံစားလွယ်သူ။ သို့သော် ယခု ငဘုဏ်းသည် သူပုန် ငဘုဏ်းသည်လူကြမ်း ငဘုဏ်းသည်-အမှန်တရားအတွက် အသက်ကိုပင် ပေးရဲခဲ့သူဖြစ်နေပြီ မဟုတ်ပါလား။ စစ်ပွဲ ကိုမုန်းသော်လည်း စနစ်ကို တွန်းလှန်လိုသဖြင့် တရားသောစစ်ပွဲများကို ဆက်လက် တိုက်ပွဲဝင်ရန် ဆုံးဖြတ်ရင်း မျက်ရည်များကို ခပ်ကြမ်းကြမ်းသုတ်လိုက်ပါတော့သည်။
စာရေးသူ- မင်းဘုဏ်းလူ(၅၀၅)