လောင်းလုံး ပလဖ လက်အောက်မှာ လူ့အခွင့်အရေး ပြည့်ဝစွာရနေတဲ့ အချုပ်သားတွေ

Author CJ Platform
Categories
Published on Dec 04, 2025

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ထိန်းသိမ်းထားတဲ့ အချုပ်သားတွေကို လစဉ် စောင့်ရှောက်မှုတွေပေးနေတယ်လို့ လောင်းလုံးမြို့နယ် ပလဖ တာဝန်ခံက ဒီကနေ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ CJ Platform ကို ပြောပါတယ်။

 

မြို့နယ် ပလဖ အဖွဲ့အစည်းအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချုပ်သားတွေကို လောင်းလုံး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပူးပေါင်းပြီး လစဉ်ပုံမှန် နှစ်ကြိမ် ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

“ပြင်းထန်တဲ့ ရောဂါတွေနဲ့ ကုသမှုခံယူနေတာတော့ မရှိပါဘူးခင်ဗျာ။ အရေးပေါ်လိုအပ်ရင် လိုအပ်သလို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးလျက်ရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုနဲ့အတူ အခြားသောကိစ္စရပ်များကို မြို့နယ် ပအဖနဲ့ အတူ လက်တွဲ ဆောင်ရွက်လျက်ရှိပါတယ် ခင်ဗျာ” လို့ မြို့နယ် ပလဖ တာဝန်ခံက CJ Platform ကို ပြောပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုတွေကိုတော့ လစဉ် ၁ ရက်နေ့နဲ့ ၁၆ ရက်နေ့တို့မှာ ပြုလုပ်ပေးနေတယ်လို့ သိရပြီး မြို့နယ် ပလဖ ရဲဘော်တွေအနေနဲ့လည်း အချုပ်သားတွေကို အားပေးစကား ပြောပေးတာတွေ၊ စာအုပ်စာပေ ဖတ်ခိုင်းတာတွေကို မကြာခဏ ပြုလုပ်ပေးလေ့ရှိတယ်လို့ သိရပါတယ်။

မနေ့ ဒီဇင်ဘာ ၃ ရက်နေ့မှာလည်း မြို့နယ် ပလဖ အချုပ်ခန်းမှာ ထိန်းသိမ်းထားတဲ့ အချုပ်သားတွေကို ကျန်းမာရေး စောင့်ရှောက်မှု စနစ်တကျ ပေးခဲ့တယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့–လောင်းလုံးက ထုတ်ပြန်ခဲ့ပါတယ်။

လောင်းလုံးမြို့နယ် ပလဖ အဖွဲ့အစည်းအနေနဲ့ အချုပ်သားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပြင် အချုပ်သားတွေရဲ့ အခွင့်အရေးနဲ့ လူသားချင်းစာနာမှုအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့ရင်လည်း မိသားစုတွေကို အသိပေးအကြောင်းကြားတာ၊ အချုပ်သားတွေကို တစ်လ နှစ်ကြိမ် မိသားစုနဲ့ ဆက်သွယ်နိုင်ဖို့ ဆောင်ရွက်ပေးတာတွေ လည်းရှိနေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လောင်းလုံး

 

Related News

Depend on news