Fact-Check: မူးတိမ်ပျူစခန်းတိုက်ပွဲ PDF အကျအဆုံးများတယ်ဆိုတဲ့ ဝါသဝအဖွဲ့ လိမ်လည်ဝါဒဖြန့် 

Author CJ Platform
Categories
Published on Dec 04, 2025

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ မူးတိမ်ကျေးရွာ ပျူစောထီးစခန်းသိမ်းတိုက်ပွဲမှာ PDF ရဲဘော်တွေ အကျအဆုံးများပြီး အလောင်းတွေတောင် ပြန်မသယ်နိုင်ဘူးဆိုတဲ့ သတင်းတစ်ခု ပျံ့နှံ့နေပါတယ်။ ဒီသတင်း ဟုတ်၊ မဟုတ် ကျွန်တော်တို့ စိစစ်ကြည့်ကြပါမယ်။

 

ဒီအကြောင်းအရာကို နိုဝင်ဘာ ၂၈ ရက်နေ့ ညနေ ၄ နာရီခွဲကျော်မှာ စစ်တပ်လော်ဘီချန်နယ်တစ်ခုဖြစ်တဲ့ ပျူစောထီးခေါင်းဆောင် ဝါသဝ နဲ့ပတ်သက်တာတွေကို အဓိကတင်လေ့ရှိတဲ့ “ကျွန်းလှမီးအိမ်ရှင်” Telegram ကနေ စတင်ဖြန့်ဝေခဲ့တာပါ။  အဲဒီမှာ PDF တွေ အသေအပျောက်များပြီး အလောင်းမကောက်နိုင်ဘူးလို့ ရေးသားထားပေမယ့်၊ ထူးခြားတာက သူတို့ဘက်က ဘယ်လို ဓာတ်ပုံ၊ ဗီဒီယို သက်သေအထောက်အထားမှ တွဲတင်ထားတာ မရှိပါဘူး။ ဒီအကြောင်းအရာကို ပဲ တခြားသော Facebook နဲ့ Telegram Channel တွေမှာလည်း အများအပြား ပြန်လည်ဖြန့်ဝေနေကြတာကို တွေ့ရပါတယ်။

 

အချက်တွေကို စစ်ဆေးကြည့်တာအခါမှာ ပြည်သူ့လွှတ်မြောက်ရေတပ်မတော် (PLA) အပါဝင် တော်လှန်ရေးတပ်တွေက တိုက်ပွဲသတင်းဓာတ်ပုံနဲ့ ဗီဒီယိုတွေ ထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။

 

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထုတ်ပြန်ထားတဲ့ ပုံ (၁) ကြည့်ပါ။ စခန်းသိမ်းပြီးချိန်မှာ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေနဲ့ ရဲဘော်တွေ အောင်ပွဲခံ မှတ်တမ်းတင်ထားတာကို တွေ့ရမှာပါ။ အကယ်၍ လော်ဘီတွေပြောသလို အထိနာပြီး အလောင်းမကောက်နိုင်အောင် ဆုတ်ခွာရတာဆိုရင် ဒီလိုပုံမျိုး ထွက်လာစရာ အကြောင်းမရှိပါဘူး။

ဒါ့အပြင် ဓူဝံ PDF (ရေဦး) က ထုတ်ပြန်တဲ့ ရုပ်သံမှတ်တမ်းတွေမှာလည်း ရဲဘော်တွေဟာ ကျေးရွာလမ်းကြားတွေမှာ တည်တည်ငြိမ်ငြိမ် စစ်ရေးလှုပ်ရှားနေတာကို တွေ့ရပါတယ်။ ရန်သူ့ဘက်က ဝါဒဖြန့်သလို ယောက်ယက်ခတ် ထွက်ပြေးနေရတဲ့ အခြေအနေမျိုး လုံးဝ မတွေ့ရပါဘူး။

PLA ပြန်ကြားရေးတာဝန်ခံ ရဲဘော်နီနီကျော်က “မနက်လေးနာရီကျော်လောက်မှာ စပြီးတိုက်ပွဲဖြစ်တာပေါ့နော်၊ PLA ပါတယ်၊ အဖွဲ့စုံပေါင်းပြီးတော့ တိုက်ကြတယ်၊ ၈ နာရီကျော်လောက် ရွာကို သိမ်းပြီးသွားတဲ့အချိန်မှာ အဲဒီ ရွာနားကရှိတဲ့ စစ်ကူတွေ ပျူရွာတွေအများကြီးကကပ်နေတာပေါ့၊ အဲဒီရွာတွေကစစ်ကူတွေကို ရဲဘော်တွေ၊ တပ်ပေါင်းစုတွေက ဖြတ်တောက်ပြီး တိုက်နိုင်တဲ့အတွက်ကြောင့် သူတို့စစ်ကူတွေ တန်းထွက်ပြေးသွားတာပေါ့” လို့ အတည်ပြုပြောကြားထားပါတယ်။

ဒါကြောင့် သက်သေအထောက်အထား တစ်စုံတစ်ရာ မပြနိုင်တဲ့ ဝါသဝအဖွဲ့ရဲ့ ရေးသားချက်ဟာ စခန်းကျသွားတာကို ဖုံးကွယ်ဖို့နဲ့ ပြည်သူတွေ အထင်အမြင်လွဲအောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတဲ့ “သတင်းတု” သာဖြစ်ကြောင်း CJ Platform က အချက်အလက်စစ်ဆေး တွေ့ရှိရပါတယ်။

 

အခုလိုမျိုး ပြည်သူတွေအကြား လုပ်ကြံဖန်တီးထားတဲ့ သတင်းမှား ပျံ့နှံ့နေတာတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသင့်တဲ့အတွက် CJ Platform ရဲ့ “အလွယ်မယုံနဲ့” ကဏ္ဍကနေ စိစစ်ဖော်ပြလိုက်ရပါတယ်။

 

ပြည်သူတွေအနေနဲ့ မှန်လား/မှားလားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့ သတင်းမျိူးတွေ တွေ့ခဲ့ရင်လည်း CJ Platform Facebook Page မှာ လာရောက် မေးမြန်းထားလို့ ရပါတယ်။

အလွယ်မယုံလိုက်ကြနဲ့နော်။