အင်ဒိုနီးရှားနဲ့ အာဆီယံနိုင်ငံအချို့က ပြုလုပ်တဲ့ ဆွေးနွေးပွဲတွေ တက်ရောက်ခဲ့ပေမဲ့ စစ်အုပ်စုနဲ့ တွေ့ဆုံတာမျိုး မရှိဘူးလို့ NUG ပြော
အင်ဒိုနီးရှားနိုင်ငံမှာ Office of Special Envoy on Myanmar Issue ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ စစ်ကော်မရှင်ဘက်က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာမျိုး မရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က CJ Platform ကို ပြောပါတယ်။
ဒီအလုပ်ရုံဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ကိုယ်စားလှယ် ၂ ဦး တက်ရောက်ခဲ့တယ်လို့ မနေ့ ဒီဇင်ဘာ ၃ ရက်က NUCC က သတင်းထုတ်ပြန်ထားပြီး စစ်အုပ်စုကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာမျိုး မရှိဘူးလို့ ဆိုပါတယ်။
NUG အနေနဲ့ အင်ဒိုနီးရှားအပါအဝင် အာဆီယံနိုင်ငံအချို့က ဦးစီးပြုလုပ်တဲ့ ဆွေးနွေးပွဲတွေမှာ NUG နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ရပ်တည်ချက်နဲ့ သဘောထားကို ကမ္ဘာက သိဖို့အတွက် တက်ရောက်ဆွေးနွေးတာတွေရှိခဲ့ပေမဲ့ စစ်အုပ်စုတာဝန်ရှိသူတွေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးတာ မရှိသလို တဆင့်ခံလည်း ဆွေးနွေးခဲ့တာမျိုး မရှိဘူးလို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
“ဒီလို ဆွေးနွေးပွဲတွေမှာ ဘယ်တုန်းကမှ အကြမ်းဖက် စစ်တပ်တာဝန်ရှိသူတွေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့တာ မရှိသလို၊ တဆင့်ခံလည်း ဆွေးနွေးခဲ့တာမျိုး မရှိပါဘူး။ NUG အနေနဲ့ နိုင်ငံရေးဦးတည်ချက် (၆) ချက်ကို တရားဝင် ကြေညာထားပြီးဖြစ်သလို အဲဒီအချက်တွေကို အာမခံချက်မရှိပဲ တွေ့ဆုံဆွေးနွေးမှု ဆိုတာ ဖြစ်လာစရာ အကြောင်းမရှိပါဘူး” လို့ သူက ဆက်ပြောပါတယ်။
ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး NUCC အနေနဲ့လည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်ကနေ ၃၀ ရက်နေ့အထိ အခြားတော်လှန်ရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့အတူ တက်ရောက်ခဲ့ပြီး အင်ဒိုနီးရှား Special Envoy on Myanmar ရုံးအဖွဲ့ရဲ့ “အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံများ” ကို လေ့လာဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
NUCC ရဲ့ ထုတ်ပြန်ချက်မှာတော့ တော်လှန်ရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့သာ ဖော်ပြထားပြီး အဖွဲ့အစည်းနာမည်တွေကိုတော့ ဖော်ပြထားတာ မရှိပါဘူး။
ဒါပေမဲ့ BBC သတင်းဌာနရဲ့ ဖော်ပြချက်အရ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) တို့ စတဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ (EROs) တွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တယ်လို့ ဖော်ပြခံထားရတဲ့ EROs အဖွဲ့တွေကို ဆွေးနွေးပွဲ တက်ရောက်ခဲ့ခြင်း ရှိမရှိ အပေါ် အတည်ပြုနိုင်ဖို့ CJ Platform က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဒီနေ့ ဒီဇင်ဘာ ၄ ရက်နေ့အထိ ပြန်လည်ဖြေဆိုမှု မရှိသေးပါဘူး။
ဓာတ်ပုံ – AFP
