Fact-Check: NUG ကို TNLA နဲ့ MNDAA ခေါင်းဆောင်တွေ ဝေဖန်တယ်ဆိုတဲ့ သတင်းဟာ “သတင်းတု” သာဖြစ်

Published on Dec 03, 2025

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ အင်အားသိန်းချီရှိနေပေမယ့် အဓိကမြို့ကြီးတွေကို မသိမ်းနိုင်ဘူးလို့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေက ဝေဖန်ပြောဆိုလိုက်ကြောင်း ရေးသားထားတဲ့ ပို့စ်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

ဒီအကြောင်းအရာကို CJ Platform က ဆက်သွယ်စိစစ်ရာမှာ သက်ဆိုင်ရာ အဖွဲ့အစည်း ပြောရေးဆိုခွင့်ရှိသူတွေက “သတင်းအမှား” ဖြစ်ကြောင်း အတည်ပြု ငြင်းဆိုထားပါတယ်။

ဒီဇင်ဘာ ၃ ရက်၊ မနက်ပိုင်းကစပြီး “Star News” အမည်ရ Facebook Page ကနေ သတင်းမှားတစ်ခုကို စတင်ဖြန့်ဝေခဲ့ပါတယ်။ အဆိုပါပို့စ်မှာ TNLA ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တာဘုန်းကျော်နဲ့ MNDAA ခေါင်းဆောင် ဦးဖုန်တာရွှင်တို့ရဲ့ ဓာတ်ပုံတွေကို ယှဉ်တွဲဖော်ပြထားပြီး၊ NUG အနေနဲ့ အင်အားတွေရှိလျက်နဲ့ မြို့သိမ်းတိုက်ပွဲတွေ မဖော်ဆောင်နိုင်ကြောင်း ၎င်းတို့နှစ်ဦးက ဝေဖန်ပြောဆိုသယောင် ရေးသားထားပါတယ်။ သတင်းတုကို စတင်ဖြန့်ဝေတဲ့ အကြောင်းအရာမှာ reaction ၅၀၀၀ ကျော်နဲ့ Share ၈၀၀ ကျော်အထိရှိနေပါတယ်။ ဒီသတင်းတုကို နာမည်ကြီး နိုင်ငံရေးသမားတွေ၊ တော်လှန်ရေး သမားတချို့နဲ့ တော်လှန်ရေးစာမျက်နှာတချို့ကလည်း ထပ်ဆင့်ကူးယူ ဖြန့်ဝေထားကြပါတယ်။

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး CJ Platform က သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တိုက်ရိုက်ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဒီဖြန့်ဝေမှုတွေဟာ “သတင်းအမှားသာဖြစ်တယ်” လို့ CJ Platform ကို ပြောကြားပါတယ်။ MNDAA သတင်းပြန်ကြားရေးဌာနမှ တာဝန်ရှိသူ ကိုနေဝေစိုးကလည်း ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး “အဲဒါ မဟုတ်ပါဘူး” လို့ ငြင်းဆိုပါတယ်။

လေ့လာစိစစ်ချက်တွေအရ TNLA ရဲ့ ဒုတိယစစ်ဦးစီးချုပ် တာဘုန်းကျော် ဟာ သူ့ရဲ့အတွေးအမြင်တွေနဲ့ စစ်ရေးအမြင်တွေကို ရေးသားမျှဝေလေ့ရှိတဲ့ Personal အကောင့်မှာလည်း  အခုလိုရေးသားမျှဝေတာတွေမရှိပါဘူး။ MNDAA ခေါင်းဆောင် ဖုန်တာရွှင်ဟာ မီဒီယာတွေကို ဖြေကြားလေ့မရှိသူဖြစ်ပြီး၊ MNDAA ရဲ့ တရားဝင်ထုတ်ပြန်ရေး ချန်နယ်တွေမှာလည်း ဒီပြောဆိုချက်မျိုး ဖော်ပြထားတာ လုံးဝ မရှိပါဘူး။ လွတ်လပ်တဲ့သတင်းမီဒီယာတွေမှာလည်းမတွေ့ရသလို ပုံမှာ ရေးသားထားတဲ့ စာသားပါ စကားလုံးတွေ (Keywords) အသုံးပြုပြီး ရှာဖွေကြည့်ရာမှာလည်း အခုလိုပြောကြားထားတာမျိုးမတွေ့ရပါဘူး။

သတင်းမှား စတင်ဖြန့်ဝေတဲ့ “Star News” Page ကို လေ့လာကြည့်တဲ့အခါ ဒီနှစ်ဇူလိုင်လကမှ စတင်ဖွင့်လှစ်ထားတဲ့ Page ဖြစ်ပြီး Page ကို စီမံခန့်ခွဲတဲ့ Admin တွေက ဘင်္ဂလားဒေရှ့်နဲ့ မလေးရှားမှာ ဖြစ်တာကို Page transparencyမှာ တွေ့ရပါတယ်။ ဒါ့အပြင် ယင်း Page ဟာ ယုံကြည်ရလောက်တဲ့ သတင်းမီဒီယာတစ်ခု မဟုတ်ဘဲ၊ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား အထင်အမြင်လွဲမှားစေမယ့် အကြောင်းအရာ တွေကိုသာ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေတာ တွေ့ရပါတယ်။

အခုလို သတင်းတုဖြန့်တွေတာဟာ  လက်ရှိဖြစ်ပေါ်နေတဲ့ မိုးကုတ်-မိုးမိတ် မြို့လွှဲပြောင်းမှု နဲ့ TNLA ရဲ့ ဒုတိယစစ်ဦးစီးချုပ် တာဘုန်းကျော် တောင်းပန်ကဗျာ ဂယက်အပေါ် အခွင့်ကောင်းယူပြီး TNLA၊ MNDAA နဲ့ NUG ကြား သွေးကွဲစေရန် “ဝါဒဖြန့် (Propaganda)” လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း သုံးသပ်ရပါတယ်။

ဒါ့ကြောင့် TNLA နဲ့ MNDAA ခေါင်းဆောင်တွေက NUG ကို ဝေဖန်တယ်ဆိုတဲ့ ဖြန့်ဝေမှုတွေဟာ ခိုင်လုံတဲ့ အထောက်အထားမရှိဘဲ လုပ်ကြံဖန်တီးထားတဲ့ “သတင်းတု (Fake News)သာ ဖြစ်ပါတယ်။

အခုလိုမျိုး ပြည်သူတွေအကြား လုပ်ကြံဖန်တီးထားတဲ့ သတင်းမှား ပျံ့နှံ့နေတာတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသင့်တဲ့အတွက် CJ Platform ရဲ့ “အလွယ်မယုံနဲ့” ကဏ္ဍကနေ စိစစ်ဖော်ပြလိုက်ရပါတယ်။

ပြည်သူတွေအနေနဲ့ မှန်လား/မှားလားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့ သတင်းမျိူးတွေ တွေ့ခဲ့ရင်လည်း CJ Platform Facebook Page မှာ လာရောက် မေးမြန်းထားလို့ ရပါတယ်။

အလွယ်မယုံလိုက်ကြနဲ့နော်။

 

 

Related News

Depend on news