အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ ဦးသိန်းစိန်တို့ ဦးဆောင်ခဲ့တဲ့ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲတွေဟာ သာမန်လုပ်သွားတာဖြစ်တယ်လို့ ဦးခင်ရီပြော


အာဏာရှင်ဟောင်း ဦးသန်းရွှေ ဦးဆောင်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ၊ ဦးသိန်းစိန်ဦးဆောင်ခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအပါအဝင် မြန်မာနိုင်ငံမှာ လုပ်ဆောင်သွားတဲ့ ရွေးကောက်ပွဲတွေဟာ သာမန်သာ လုပ်ဆောင်သွားတာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီက ပြောကြားလိုက်ပါတယ်။

 

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ နိုဝင်ဘာ ၂၇ရက်နေ့က ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ လူထုတွေ့ဆုံပွဲ လုပ်ဆောင်ချိန်မှာ ဦးခင်ရီက အခုလို ပြောကြားခဲ့တာပါ။

 

“၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ဒီရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲက သာမန်လုပ်သွားတာ။ ဒီတစ်ခါ ရွေးကောက်ပွဲကတော့ အများသူငါ သက်သေသက္ကာယရှေ့မှာ လုပ်မယ့် ရွေးကောက်ပွဲဖြစ်တယ်။ ကျွန်တော်တို့ ရွေးကောက်ပွဲနဲ့ နိုင်ငံတကာက စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို ဖိတ်ထားတယ်။ နောက် နိုင်ငံတကာက မီဒီယာတွေကို ဖိတ်ထားတယ်။ ပြည်တွင်းမှာရှိတဲ့ မီဒီယာတွေကို လေ့လာခွင့် ပေးထားတယ်။ ပြည်တွင်းမှာရှိတဲ့ သံတမန်တွေပေါ့၊ သံတမန်တွေကို လေ့လာခွင့် ပေးထားတယ်”လို့ ဦးခင်ရီရဲ့ ပြောကြားမှုကို ကြံ့ခိုင်ရေးပါတီရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်လွှင့်ထားပါတယ်။

 

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို EU အပါအဝင် နိုင်ငံတကာက အသိအမှတ်မပြုဘူးလို့ ပြောကြားထားပြီး စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ နိုင်ငံအများက ငြင်းဆိုထားကြပါတယ်။


ဒါ့အပြင် ဦးခင်ရီက သူအသက်ကြီးလာတာ လေသလပ်ပြီး ကြီးတာလာ မဟုတ်တာကြောင့် သူ့မှာ အတွေ့အကြုံတွေရှိပြီး သူ့ကို မဲပေးသင့်တယ်လို့ ဆိုပါတယ်။

 

“အသက်ကြီးလာတာ လေသလပ်ပြီးကြီးလာတာ မဟုတ်ဘူး။ ဟုတ်တယ်မလား။ ဖြတ်သန်းလာခဲ့တဲ့ သမိုင်းအတွေ့အကြုံတွေအပေါ် မူတည်ပြီးတော့ လုပ်သင့်တာ မလုပ်သင့်တာ သိပြီးတော့ လုပ်တဲ့လူတွေ ဖြစ်တယ်”လို့ ဦးခင်ရီက ပြောပါတယ်။

 

ဒါ့အပြင် စစ်တပ်နဲ့ မပူးပေါင်းတဲ့ အစိုးရသစ်ဟာ ချက်ခြင်း ပြုတ်ကျသွားနိုင်ပြီး ကြံ့ခိုင်ရေးပါတီဟာ စစ်တပ်ရဲ့ ကျောထောက်နောက်ခံ ရှိတယ်လို့ အနက်အဓိပ္ပါယ်ရတဲ့ စကားလုံးတွေကို သုံးစွဲကာ ကြံ့ခိုင်ရေးပါတီကို မဲပေးဖို့အတွက် မဲဆွယ်စည်းရုံးခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – USDP