လယ်ဝေး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ မဲဆွယ်ပွဲကို ပြည်သူ ၈ ဦးတက်ရောက် အားပေး
လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ဦးစိန်ဝင်းရဲ့ မဲဆွယ် စည်းရုံးပွဲကို ပြည်သူ ၈ ဦး တက်ရောက် အားပေးခဲ့တယ်လို့ ဦးစိန်ဝင်းက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာ ရေးသားထားခဲ့ပါတယ်။
အခု ဒီဇင်ဘာလအတွင်း လယ်ဝေးမြို့နယ် စည်ပိုင်းကျေးရွာမှာ ဦးစိန်ဝင်း မဲဆွယ်စည်းရုံးဖို့ သွားရောက်ရာမှာတော့ မဲဆွယ်ပွဲကို တက်ရောက်နားထောင်သူမရှိဘဲ မိတ်ဆွေတစ်ဦးရဲ့ ခေါ်ဆောင်လာပေးမှုကြောင့် ပြည်သူ ၂ဦးက လာရောက် နားထောင်ခဲ့ပြီးနောက် ပြည်သူ ၈ ဦးအထိ တက်ရောက်လာခဲ့တယ်လို့ ဦးစိန်ဝင်းက ဆိုပါတယ်။
“ငါ ၂ယောက်တည်းလဲ ဟောမယ်၊ ဒီလူ၂ယောက်က ၂သောင်း အင်အားနဲ့ညီမျှတယ်။ ဆင်းရဲခြင်းမှ ချမ်းသာခြင်းသို့ ပြီးပြည့်စုံရမည်ဟု အဓိပ္ပါယ်ရှိ လပြည့်ဝန်းနဲ့ လယ်သမားတံဆိပ် လိုဂိုအတိုင်းလုပ်ရမည်။ လွတ်မြောက်အောင် ငါကြိုးစားပေးရမည်။ ငါ့ပြည်သူ ငါ့တောင်သူလယ်သမား လေ။ စိတ်ရှည်၊ သည်းခံ၊ ဇွဲသန် ဟောပြောခဲ့ပါသည်။ ၂နာရီကြာအောင် ဟောမိခဲ့ပါသည်”လို့ ဦးစိန်ဝင်းက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။ (မူရင်း ရေးသားချက်တွင် မှားယွင်းနေသည့် စာလုံးသတ်ပုံများကို ပြင်ဆင်ထားပါသည်)
မအူပင် စိန်ဝင်းလို့ လူသိများခဲ့သူ ဦးစိန်ဝင်းဟာ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကနေ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ NLD ပါတီကနေ နုတ်ထွက်ခဲ့သူဖြစ်ပါတယ်။
ထိုအချိန်က ဦးစိန်ဝင်းဟာ လယ်သမားတွေကို မြေသိမ်းယာသိမ်းအကြောင်းပြပြီး ကံစမ်းမဲလက်မှတ်တွေ ရောင်းချတာအပြင် ပါတီရဲ့ တာဝန်တွေကို မကျေပွန်တာ နာခံမှုမရှိတာကြောင့် နုတ်ထွက်ခွင့် ပြုလိုက်တာဖြစ်တယ်လို့လည်း NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က မီဒီယာတွေကို ပြောကြားခဲ့ဖူးပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာတော့ ဦးစိန်ဝင်းဟာ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီဆိုတဲ့ ပါတီကို ထူထောင်ပြီး သူ့သား၊ သူ့သမီးအပါအဝင် အခြား ပါတီဝင် ၁၆ဦးနဲ့ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမဲ့ တစ်ဦးမှ အနိုင်မရဘဲ ရှုံးနိမ့်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၃ခုနှစ် မတ်လ ၂၉ရက်နေ့မှာ သူ့ရဲ့ ပါတီဖြစ်တဲ့ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီဟာ စစ်အုပ်စုဆီမှာ မှတ်ပုံတင်ခြင်း ဆက်လက်မလုပ်ဆောင်တာကြောင့် ဖျက်သိမ်းခံရပြီး အခု စစ်အုပ်စု ကျင်းပမယ့် ရွေးကောက်ပွဲမှာ လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်နေတာပါ။
ဦးစိန်ဝင်းဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ် အချိန်က သူ့မှာ ကျပ်သိန်းသောင်းတစ်သောင်း ချမ်းသာပါက အာဏာရပါတီဖြစ်အောင် လုပ်ဆောင်နိုင်သူဖြစ်တယ်လို့ ကြွေးကြော်ခဲ့ဖူးသူ ဖြစ်ပါတယ်။
ဓာတ်ပုံ – ဦးစိန်ဝင်း Facebook
