မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးသူ အများဆုံး နိုင်ငံစာရင်းမှာ မြန်မာနဲ့ ဆီးရီးယားဆက်လက်ဦးဆောင်

Author CJ Platform
Categories
Published on Dec 03, 2025

မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးဘဲ ကျန်နေတဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ အများဆုံးနိုင်ငံတွေထဲမှာ ဆီးရီးယားနဲ့ မြန်မာက လေးနှစ်ဆက်တိုက် ထိပ်ဆုံးမှာ ရှိနေတယ်လို့ အခု ဒီဇင်ဘာ ၁ ရက်က ထုတ်ပြန်တဲ့ မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့ ၂၀၂၅ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာ စစ်ရေးပဋိပက္ခအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူဟာ ၂၀၂၁ ကနေ ၂၀၂၄ ခုနှစ်ကာလ လေးနှစ်အတွင်း ၃၇၀၆ ဦးအထိရှိခဲ့တယ်လို့ မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါဟာ ကောက်ယူရရှိထားတဲ့ အချက်အလက်တွေပဲဖြစ်ပြီး မြေပြင်မှာ ဒီထက် ပိုများနိုင်တယ်လို့လည်း သိရပါတယ်။

ကမ္ဘာလုံးဆိုင်ရာ မြေမြှုပ်မိုင်းထိခိုက်မှုတွေကို စောင့်ကြည့်နေတဲ့ Landmine Monitor အဖွဲ့ရဲ့ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁၉၄၅ ဦးအပါအဝင် ထိခိုက်ဒဏ်ရာရသူ ၄၃၂၅ ဦးရှိခဲ့တာကြောင့် စုစုပေါင်း ၆၀၀၀ ဝန်းကျင်အထိရှိခဲ့ပြီး ဒီအထဲမှာ မြန်မာနိုင်ငံက ၂၀၀၀ ကျော်အထိ ပါဝင်လာတယ်လို့ ဆိုပါတယ်။

မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူ ၉၀ ရာခိုင်နှုန်းနီးပါးဟာ အရပ်သားပြည်သူတွေ ဖြစ်ပြီး ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အများဆုံး ပါဝင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါဟာ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ ဆီးရီးယားနဲ့ မြန်မာမှာ အများဆုံး ဖြစ်ပွားနေတယ်လို့လည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃–၂၀၂၄ နှစ်နှစ်အတွင်း မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူ အများဆုံး မှတ်တမ်းတင်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ ၁၀၀၃ ဦးအထိရှိခဲ့သလို ၂၀၂၄ ခုနှစ်မှာလည်း ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ ၂၀၂၉ ဦးအထိ တိုးမြင့်လာခဲ့တယ်လို့ မြေမြှုပ်မိုင်းစောင့်ကြည့်ရေး အစီရင်ခံစာအရ သိရပါတယ်။

မြန်မာ ပြည်တွင်းစစ်ရေးပဋိပက္ခအတွင်း မြေမြှုပ်မိုင်းကို စစ်အုပ်စုတပ်ဖွဲ့ဝင်တွေရော တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေပါ နှစ်ဖက်စလုံးက အများအပြား အသုံးပြုနေကြတာ တွေ့ရပါတယ်။ မြေမြှုပ်မိုင်း (လူသတ်မိုင်း) ကို မသုံးရရေး စာချုပ်မှာ မြန်မာနိုင်ငံဟာ လက်မှတ်မထိုးထားသလို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မိုင်းအသုံးပြုမှု ပိုမိုမြင့်တက်လာနေတယ်လို့လည်း သိရပါတယ်။

မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူတွေဟာ နှစ်ချင်းအလိုက် တိုးတက်လာပြီး ၂၀၂၁ ခုနှစ်မှာ ၂၈၄ ဦးသာရှိခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်မှာ ၃၉၀ ဦးအထိ တိုးလာခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ၁၀၀၃ ဦးထိ မြင့်မားလာခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ ၂၀၂၉ဦး အထိ နှစ်ဆကျော် တိုးတက်လာတယ်လို့ မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့ ၂၀၂၅ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ – စလင်း ပကဖ
ပုံစာ – စစ်အုပ်စုထောင်ထားတဲ့ မြေမြှုပ်မိုင်းတစ်ခုကို မြင်ရပုံ (ပုံဟောင်း)