နိုင်ငံရေးအကျဉ်းသားတွေကို စစ်အုပ်စုက လွတ်ငြိမ်းပေးနေတယ်ဆိုပြီး နောက်ကွယ်မှာ ပြန်ဖမ်းဆီးမှုတွေရှိနေ
စစ်အုပ်စုက သူတို့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ ဆိုတာကာ နိုင်ငံရေးအကျဉ်းသားတွေ ထောင်နှင့်ချီကို လွတ်ငြိမ်းသက်သာခွင့် ပေးနေတယ်ဆိုပေမဲ့ နောက်ကွယ်မှာတော့ ပြန်လည်ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နဲ့ အခု ဒီဇင်ဘာ ၁ ရက်မှာ လွတ်ရက်စေ့နီးနေတဲ့ နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံရေးအကျဉ်းသူတွေကို စစ်အုပ်စုက လွတ်ငြိမ်းပေးခဲ့ပါတယ်။ ဒါပေမဲ့ လွတ်ငြိမ်းစာရင်းမှာပါလာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဗူးဝမှာတင် ပြန်လည်ဖမ်းဆီးတာ၊ ရဲစခန်းမှာ အခြားပုဒ်မတစ်ခုနဲ့ ထပ်မံအမှုဖွင့် ဖမ်းဆီးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“လွတ်မြောက်လာပြီးတော့မှ ပြန်အဖမ်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း ရှိနေပါတယ်။ ထောင်ဗူးဝမှာ ပုဒ်မ ပြန်တပ်ခံရပြီး တရားစွဲဆိုခံထားရသူတွေလည်း ရှိသေးတယ်၊ ရဲစခန်းကို ရောက်တဲ့အခါ ကျမှ ရဲစခန်းကနေ နောက်ထပ် ပုဒ်မတစ်ခု တပ်ပြီးတော့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လည် ဖမ်းဆီးထားတာမျိုးတွေ တွေ့ရပါတယ်” လို့ PPNM ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက CJ Platform ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆၊ ၂၇၊ ၂၈ ရက်တွေမှာလည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖမ်းဆီးခံထားရသူ ၃၀၈၅ ဦးကို စစ်အုပ်စုက လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြစ်ဒဏ်လျော့ပေါ့မှုတွေ ပေးခဲ့တယ်ဆိုပေမဲ့ လွတ်ငြိမ်းစာရင်းမှာပါဝင်တဲ့ ရွှေဘိုထောင်က ၂၈ ဦးလည်း ပြန်လည်လွတ်မြောက်လာတာ မရှိဘူးလို့ သိရပါတယ်။
“ရွှေဘိုထောင်က ၂၇ ရက်မနက်မှာ နိုင်ငံရေးအကျဉ်းသား ကျား၊ မ ပေါင်း ၂၈ ဦး ထုတ်သွားတယ်၊ ထုတ်ပြီးတော့မှ နာမည်တွေ ခေါ်ပြီး တစ်နေကုန် အဆင်သင့် ပြင်ထားခိုင်းတယ်၊ ဒါပေမဲ့ တစ်ဦးမှ လွတ်မလာဘူး။ အဲဒီ ၂၈ ယောက် စလုံးကို တခြားအမှုတွေ တပ်ပြီးတော့ ပြန်အဖမ်းခံရတာပါ” လို့ မရောင်နီလင်းက ပြောပါတယ်။
မနေ့ ဒီဇင်ဘာ ၁ ရက်ကလည်း နိုင်ငံတစ်ဝန်း အကျဉ်းထောင် ၁၁ ခုက နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ ၂၆၈ ဦးကို စစ်အုပ်စုက ပြန်လွှတ်ပေးခဲ့တယ်လို့ PPNM က ထုတ်ပြန်ထားပြီး ဒီအထဲမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁)၊ ဖောက်ခွဲရေးပုဒ်မ ၅ တို့နဲ့ ဖမ်းဆီးခံထားရပြီး လွတ်ရက်စေ့နီးသူတွေ ပြန်လွတ်လာတယ်လို့ သိရပါတယ်။
ဒါပေမဲ့ မြင်းခြံအကျဉ်းထောင်ထဲကနေ ပြန်လွတ်သူတွေထဲက မပိုးသီရိခိုင်၊ မမြတ်နိုးခင်၊ ကိုသက်တို့ ပြန်လည်း ဖမ်းဆီးခံခဲ့ရတယ်လို့ မန္တလေးဒေသခံ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းနဲ့ ပြန်လည်လွတ်မြောက်လာသူအများစုဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းကာလ အစောပိုင်းကတည်းက ဖမ်းဆီးခံထားရသူတွေ ဖြစ်တာကြောင့် လွတ်ရက်စေ့နီးသူတွေ ဖြစ်ပြီး စစ်ကော်မရှင်က နိုင်ငံတကာမှာ နာမည်ကောင်းရလိုတာကြောင့် အခုလို လွတ်ငြိမ်းပေးနေတာ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းအချို့ကလည်း သုံးသပ်ပြောဆိုထားကြပါတယ်။
အကျဉ်းထောင်အသီးသီးကနေ လွတ်ရက်စေ့မတိုင်ခင် လွတ်ငြိမ်းနဲ့ ပြန်လည်လွတ်မြောက်လာသူတွေနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်ဘက်ကတော့ ဒီနေ့ ဒီဇင်ဘာ ၂ ရက်နေ့အထိ တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မနေ့ ဒီဇင်ဘာ ၁ ရက်အထိ နိုင်ငံတစ်ဝန်း ဖမ်းဆီးအကျဉ်းချခံထားရသူ ၂၂,၆၉၃ ဦးအထိ ရှိနေပြီး စစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့သူ ၇,၅၀၃ ဦးအထိ ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း ထုတ်ပြန်ထားပါတယ်။
ပုံစာ – အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူအချို့ကို မြင်ရပုံ (ပုံဟောင်း)
