စစ်အုပ်စုကို လက်နက်ထောက်ပံ့နေတဲ့ ဘယ်လာရုစ်သမ္မတ မြန်မာနိုင်ငံကို ရောက်ရှိ
မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်နေတဲ့ စစ်အုပ်စုကို လက်နက်ထောက်ပံ့၊ ရောင်းချနေတဲ့ ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုဟာ မနေ့ နိုဝင်ဘာ ၂၇ ရက် ညပိုင်းမှာ နေပြည်တော်ကို ရောက်ရှိလာပါတယ်။
ရုရှားရဲ့ အရင်းနှီးဆုံး မဟာမိတ်လည်းဖြစ်ပြီး နိုင်ငံကို ၃၁ နှစ်ကြာ အာဏာရှင်စနစ်အုပ်ချုပ်နေတဲ့ လူကာရှန်ကိုဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဥရောပခေါင်းဆောင်တွေထဲ ပထမဦးဆုံး မြန်မာနိုင်ငံကို လာရောက်သူလည်း ဖြစ်ပါတယ်။
သူ့ကို ဥရောပရဲ့ “နောက်ဆုံးအာဏာရှင်” လို့ အမေရိကန်ရဲ့ ဥရောပနိုင်ငံ ခေါင်းဆောင်တွေအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ခေါ်ကြပြီး လူကာရှန်ကို ကိုယ်တိုင်ကလည်း နိုင်ငံအာဏာကို ၁၉၉၄ ခုနှစ်ကတည်းက ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်နဲ့ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကြောင့် စစ်ခေါင်းဆောင်နဲ့ ထိပ်ပိုင်း စစ်ဘက်ခေါင်းဆောင်တွေကို အမေရိကန်နဲ့ ဥရောပက စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ထားချိန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေကို မကြာခဏ သွားရောက်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုတို့နဲ့ တွေ့ဆုံမှုတွေ ရှိခဲ့ပါတယ်။
ရုရှားမိတ်ဖက် ဘယ်လာရုစ်ဟာ မြန်မာစစ်အုပ်စုအပေါ် စစ်ဘက်ဆိုင်ရာ လက်နက်တွေ ကူညီထောက်ပံ့မှုတွေ အပြင် နည်းပညာဆိုင်ရာ ကူညီထောက်ပံ့မှုတွေ၊ လေ့ကျင့်သင်ကြားပေးမှုတွေ လည်း ရှိခဲ့တယ် လို့ Justice For Myanmar (JFM) က ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
ဘယ်လာရုစ်အစိုးရပိုင် Belspetsvnesh-technika (BSVT) ကနေ မြန်မာစစ်အုပ်စုအတွက် သီးသန့် ဒီဇိုင်းရေးဆွဲပေးထားတဲ့ လေကြောင်းကာကွယ်ရေး အမိန့်ပေးစနစ် (MADOC)၊
သုံးဘက်မြင် ရေဒါနည်းပညာဖြစ်တဲ့ မြေပြင်အခြေစိုက် ဒုံးကျည်စနစ်တွေ၊ ဒရုန်းတွေအပါအဝင် ဝေဟင်ထဲက အရာဝတ္ထုတွေကို ရှာဖွေနိုင်ပြီး ပစ်မှတ်တွေကို ခြေရာခံလိုက်နိုင်တဲ့ မြင်ကွင်းကျယ် အလိုအလျောက်ထိန်းချုပ်စနစ် (Vostok) လောက်ရှိတဲ့ နည်းပညာတွေကို လွှဲပြောင်းရောင်းချပေးခဲ့တယ် လို့ JFM အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဆင့်မြင့် စစ်ဘက်နည်းပညာတွေ၊ စစ်လက်နက်ထုတ်လုပ်ရေး၊ စစ်ဘက်တပ်ဖွဲ့ဝင်တွေကို လေကြောင်းကာကွယ်ရေးစနစ်တွေအတွက် ရေဒီယို-အီလက်ထရောနစ် အင်ဂျင်နီယာပညာကို လေ့ကျင့်သင်ကြားပေးတာတွေကိုလည်း ဘယ်လာရုစ်အစိုးရက ကူညီထောက်ပံ့ခဲ့ပါတယ်။
အခုနှစ် မတ်လနဲ့ ဇွန်လအတွင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘယ်လာရုစ်ကို သွားရောက်ခဲ့သလို ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း မော်စကိုကို သွားရောက်ခဲ့ပြီး သမ္မတဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံခဲ့ကာ ကာကွယ်ရေး နဲ့ စွမ်းအင်ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
ဘယ်လာရုစ်သမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း စိုက်ပျိုးမွေးမြူရေး၊ ထုတ်လုပ်မှုနည်းပညာ အပြန်အလှန် ဖလှယ်ရေး၊ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေ၊ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမှုတွေကို လုပ်ဆောင်ဖို့ ရှိတယ်လို့ စစ်အုပ်စုက ဒီနေ့ နိုဝင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ဓာတ်ပုံ – Pro-SAC
