မင်းကင်းက ရွှေတူးဖော်ရာနေရာတွေကို စစ်အုပ်စုက ထပ်မံဗုံးကြဲ

Author CJ Platform
Categories
Published on Nov 27, 2025

စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ် ၊ လောင်းပြည့်ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်းရှိ ရွှေတူးဖော်ရာနေရာတွေကို စစ်အုပ်စုက ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ထပ်မံပြီး လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့က လောင်းပြည့်ကျေးရွာအနီးက ရွှေမျောလုပ်ကွက်နေရာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သလို ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်နေ့ မနက် ၉ နာရီခွဲ ခန့်မှာလည်း ထပ်မံ တိုက်ခိုက်လာခြင်း ဖြစ်ပါတယ်။

 

“ရွှေမျောတွေ မီးလောင်တာ တွေ့ရတယ်၊  ဒေသခံတွေလည်း ပြေးကြရတော့တာ၊ ထိခိုက်သေဆုံး ကိုတော့ မသိရသေးဘူး” လို့ လောင်းပြည့်ကျေးရွာ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ နဲ့ ရွှေမျောလုပ်ကိုင်သူတွေ ထိခိုက်သေဆုံးတာ ရှိမရှိကိုတော့ မသိရသေးပါဘူး။

 

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တော်လှန်ရေး ရဲဘော်တစ်ဦးက
“မျောတွေက အထောက်ပံ့ ဖြစ်လို့ ပစ်တာလည်း ဟုတ်တယ်၊ စစ်အုပ်စုအနေနဲ့ သူတို့ မစိုးမိုးတဲ့နေရာတွေဆို အကြမ်းဖက် သောင်းကြမ်းသူများလို့ ခေါင်းစဉ်တပ်ပြီး စာသင်ကျောင်း၊ ဆေးရုံတွေ၊ ဘာသာရေး အဆောက်အဦ နဲ့ ဘုရားကျောင်းကန်တွေ ပါ မချန် တိုက်ခိုက် ဖျက်ဆီးနေတယ်” လို့ ပြောပါတယ်။

 

စစ်အုပ်စုအနေနဲ့ မင်းကင်းမြို့နယ်ထဲ တော်လှန်ရေးအတွက် အထောက်အပံ့တစ်ခုအဖြစ်ရှိနေတဲ့ ချင်းတွင်းမြစ် အတွင်းက ရွှေမျောတွေကို အခုလ နိုဝင်ဘာ ၂၂ ရက်ကစပြီး သုံးကြိမ်ထက်မနည်း တိုက်ခိုက် ခဲ့တာတွေ ရှိခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့က လောင်းပြည့်ကျေးရွာအနီးက ရွှေမျောတွေကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသူ ၂၀ ဦးခန့် ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်း ရှိခဲ့ကာ ပျောက်ဆုံးသူတွေလည်း ရှိနေတယ်လို့ ဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

နိုဝင်ဘာ ၂၅ ရက်နေ့မှာလည်း စစ်အုပ်စုက ရွှေမျောလုပ်ကွက်တစ်နေရာဖြစ်တဲ့ မြောက်ချွန်းကျေးရွာအနီးကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး ဒီကနေ့မှာတော့ လောင်းပြည့်ကျေးရွာနဲ့ သင်းတောအနီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ

ပုံစာ – နိုဝင်ဘာ ၂၂ရက်နေ့က လောင်းပြည့်ကျေးရွာအနီး ရွှေမျောလုပ်ကွက် ဗုံးကြဲဖျက်ဆီးခံရပုံ (ပုံဟောင်း)

 

Related News

Depend on news