NUG အကောက်အခွန်ဂိတ်က ပစ်ခတ်မှုကြောင့် လူသေဆုံးမှုအတွက် နစ်နာကြေး ၈၅ သိန်းဖြင့် အမှုပိတ်သိမ်းခဲ့တယ်လို့ ဆို
စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်အတွင်း NUG လက်အောက်ခံ အကောက်အခွန်ဂိတ်က တာဝန်ကျ ရဲဘော်တွေရဲ့ ပစ်ခတ်မှု ကြောင့် လူသေဆုံးခဲ့တဲ့ဖြစ်စဉ်အတွက် နစ်နာကြေး ၈၅ သိန်း နဲ့ အမှု ပိတ်သိမ်း လိုက်တယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ပဒူတိုက်နယ်အတွင်း ကုန်လမ်းကြောင်း ဆက်သွယ်ရေးအတွက် NUG ဝန်ကြီးဌာနရဲ့ တရားဝင် အကောက်ခွန်ဂိတ်က ဟန့်တား ပစ်ခတ်ရာ မှာ လူသေဆုံးမှု ဖြစ်ခဲ့တာကြောင့် နိုဝင်ဘာ ၂၀ ရက်နေ့မှာတော့ သေဆုံးသူရဲ့ မိဘတွေကို ခေါ်ယူခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေက နစ်နာကြေးငွေ ပေးကာ အမှု ပိတ်သိမ်း လိုက်တယ်လို့ သိရပါတယ်။
“စစ်ကိုင်း၊ တောင်ရင်း အကောက်ခွန်ဂိတ်က ကားသမား စပါယ်ယာကို ပစ်လိုက်လို့ သေသွားတဲ့အမှုက နစ်နာကြေးနဲ့ ပြီးသွားတယ်။ ၂၀ ရက်နေ့က သူ့အမေကို ခေါ်ပြီး ညှိနှိုင်းတာ၊ ဘယ်ရဲဘော်ကမှ မဝန်ခံကြဘူး၊ ငွေနဲ့ ကြေအေး ပြီး ပိတ်လိုက်တဲ့သဘောပါ” လို့ တိုက်နယ် အဖွဲ့စည်းတွေနဲ့ နီးစပ်သူ ရဲဘော်တစ်ဦးက CJ Platform ကို ပြောပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့က သေဆုံးခဲ့ရသူရဲ့ မိခင်ကို ခေါ်ယူ ညှိနှိုင်း ခဲ့တာဖြစ်ပြီး ညှိနှိုင်းမှုမှာ ဝက်လက်မြို့နယ်က သစ်ဆိပ် တိုက်နယ် ပကဖ ၊ ရှိမ္မကား တိုက်နယ် ပကဖ ၊ စစ်ကိုင်း ပဒူတိုက်နယ် ပကဖ ၊ စစ်ကိုင်း မြို့နယ် ပလဖ နဲ့ တာဝန်ရှိသူ တချို့ ပါဝင်ကာ နစ်နာကြေးငွေ ၈၅ သိန်း ခန့် ပေးဆောင်ပြီး အမှု ကြေအေး လိုက်တယ်လို့ ဆက်လက် ပြောပါတယ်။
“သေတဲ့ကောင်လေးက အသက် ၁၉ နှစ်လောက် ရှိပြီ သူက ထီးချိုင့် ဇာတိ၊ ဝက်လက်မှာနေတာတော့ ကြာပြီ။ ကောင်လေးအမေက ထီးချိုင့်ကဆိုတော့ ဒါတွေလည်း မလုပ်ချင်တော့တာနေမှာပေါ့ စစ်ဒဏ်ကလည်း အတော်လေး ခံနေကြရတာဆိုတော့ အဲလိုပုံစံနဲ့ တူပါတယ်” လို့ ဝက်လက်မြို့နယ် ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒီဖြစ်စဥ်အတွက် CJ Platform က စစ်ကိုင်းမြို့နယ် ပလဖ နဲ့ တိုက်နယ် တာဝန်ရှိသူတွေဆီကို ဆက်သွယ်နိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပြီး NUG ရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကိုတော့ နိုဝင်ဘာ ၁၇ ရက်နေ့တည်းက မေးမြန်းထားပေမယ့် ဒီကနေ့ အချိန်ထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
အဲဒီ NUG လက်အောက်ခံ ပဒူတိုက်နယ်အတွင်းက အခွန်ကောက်ခံရေးဂိတ်တွေမှာ ဆီ တစ်ပေပါကို တစ်သောင်းခွဲအထိ ပေးဆောင်ရသလို အခြားကုန်ပစ္စည်း ဖြတ်သန်းခတွေအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်အတိုင်း ကောက်နေတယ်လို့ သက်ဆိုင်ရာ ပဒူတိုက်နယ် ပကဖ တာဝန်ခံရဲ့ အဆိုအရ သိရပါတယ်။
ဓာတ်ပုံ – CJ
ပုံစာ – ပဒူတိုက်နယ်အတွင်း စစ်ဘေးရှောင် ပြည်သူများကို မြင်ရပုံ (ပုံဟောင်း)
