၅၀၅(က) နဲ့ အမှုဖွင့်ခံထားရသူတွေ၊ ဖမ်းဆီးခံထားရသူတွေအပါအဝင် အကျဉ်းသား ၈၆၆၅ ဦးကို စစ်အုပ်စုက လွတ်ငြိမ်းခွင့်ပြု
စစ်အုပ်စုက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ သူတို့ဖမ်းဆီးထားသူတွေ၊ အမှုရင်ဆိုင်နေရသူတွေကို အပါအဝင် စုစုပေါင်း အကျဉ်းသား၊ အကျဉ်းသူ ၈၆၆၅ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ ဒီနေ့ နိုဝင်ဘာ ၂၆ ရက် ည ၈ နာရီသတင်းမှာ ထုတ်ပြန်လာပါတယ်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ အမှုရင်ဆိုင်နေရသူ ၅၅၈၀ ဦး အမှု ပိတ်သိမ်းခဲ့ပြီး ၅၀၅(က) နဲ့ ဖမ်းဆီးခံထားရသူတွေအပါအဝင် အခြားအမှုတွေနဲ့ ဖမ်းဆီးခံထားရသူ၊ အချုပ်ကျနေသူ ၃၀၈၅ ဦးတို့ကို စစ်အုပ်စု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) က ခံဝန်နဲ့ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီလို အမှု ပိတ်သိမ်း လွတ်ငြိမ်းခွင့်ပေးခဲ့တာဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲပေးနိုင်ဖို့ အခုလို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာလို့ စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း ပြောဆိုထားပါတယ်။
ဒါပေမဲ့ စစ်အုပ်စု မတရားဖမ်းဆီးထားတဲ့ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် တို့အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေကို လွှတ်ပေးဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ ခေါင်းဆောင်တွေက တောင်းဆိုမှုတွေရှိနေပေမဲ့ စစ်အုပ်စုက အခုထိ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ကာ မတရားဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စု ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံရေးအကျဉ်းသူ သုံးသောင်းကျော်အထိရှိခဲ့ပြီး လက်ရှိအချိန် ဖမ်းဆီးခံထားရသူ ၂၂၀၀၀ ကျော်ရှိနေကာ စစ်အုပ်စု သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူ ၇၅၀၀ နီးပါးအထိရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း ဒီနေ့ထုတ်ပြန်ပါတယ်။
ပုံစာ – အင်းစိန်အကျဉ်းထောင်ရှေ့ကို မြင်ရပုံ (ပုံဟောင်း)
