အမေရိကန်ရဲ့ ယာယီခိုလှုံခွင့်ရပ်ဆိုင်းမှုနဲ့ ပတ်သက်ပြီး လိုအပ်တာတွေ ကူညီပေးသွားမယ်လို့ NUG ဆို

Author CJ Platform
Categories
Published on Nov 26, 2025

အမေရိကန်နိုင်ငံထဲမှာ ယာယီခိုလှုံခွင့်အခြေအနေ (TPS) နဲ့နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ နေထိုင်ခွင့် ရပ်ဆိုင်းခံရပြီးနောက် လိုအပ်တာတွေကို ကူညီပေးသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က CJ Platform ကို ပြောပါတယ်။

 

အမေရိကန်နိုင်ငံတွင်းမှာ TPS နဲ့ ရောက်ရှိနေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို နေထိုင်ခွင့် ရပ်ဆိုင်းလိုက်ကြောင်း အခု နိုဝင်ဘာ ၂၄ ရက်မှာ အမေရိကန်အစိုးရ ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) က ထုတ်ပြန်လာခဲ့ပြီးနောက် ဒါဟာ ရက်ပေါင်း ၆၀ (၂၀၂၆ ဇန်နဝါရီ ၂၆) မှာ စတင်အသက်ဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

 

ဒီအခြေအနေနဲ့ ပတ်သက်ပြီး NUG အစိုးရအဖွဲ့က ကူညီဆောင်ရွက်မှုတွေ လုပ်ဆောင်သွားပေးမှာဖြစ်ပြီး လက်ရှိ TPS နဲ့ နေထိုင်သူတွေအနေနဲ့ အခြားအခြေအနေတစ်ခုကို ပြောင်းပြီး မှတ်ပုံတင်မှုတွေ ပြန်လည်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။

 

“TPS နဲ့ နေထိုင်သူတွေအနေနဲ့က အခြားသော status တွေကို ပြောင်းပြီးတော့ Re-register ပြန်လုပ်ရမယ်ဆိုတာမျိုး ကျွန်တော်တို့ သိရတယ်။ ဒီလိုကိစ္စတွေကို ဆောင်ရွွက်တဲ့အခါမှာ ချောချောမွေ့မွေ့ ဖြစ်စေဖို့တော့ ကျွန်တော်တို့ ကူညီဆောင်ရွက်သွားမှာဖြစ်တယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

 

TPS ကိစ္စရပ်နဲ့ပတ်သက်ပြီး အမေရိကန်အစိုးရ DHS ဌာန တာဝန်ရှိသူ ခရစ်တီနိုအမ်ရဲ့ ထုတ်ပြန်ပြောဆိုချက်ဟာ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့အခြေအနေနဲ့ ကွဲလွဲမှုတွေရှိနေပြီး စစ်အုပ်စုက လုပ်ဆောင်နေတဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စရပ်ဟာလည်း ဟန်ပြသာ ဖြစ်ပြီး စစ်အုပ်စုဟာ ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှု ဆက်လက်ကျူးလွန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

 

အမေရိကန်နိုင်ငံထဲမှာရှိတဲ့ မြန်မာနိုင်ငံသား ၄၀၀၀ ဝန်းကျင်ဟာ TPS ကို ရပ်ဆိုင်းခံရတဲ့အခြေအနေကြီးနဲ့ ကြုံတွေ့နေရပြီး စစ်အုပ်စု ပြုလုပ်မယ့် ရွေးကောက်ပွဲအပေါ် အခြေခံပြီး မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းနေပြီဆိုတဲ့ အမေရိကန်အစိုးရအဖွဲ့ ရရှိထားတဲ့ အချက်အလက်တွေဟာ မှားယွင်းနေပြီး စစ်ရေးပဋိပက္ခတွေကြား မြန်မာနိုင်ငံသားတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) အာရှရေးရာ တာဝန်ရှိသူ ဒါရိုက်တာ ဂျွန်ဆစ်ဖ်တွန်ကလည်း ရိုက်တာသတင်းဌာနကို ပြောကြားထားပါတယ်။

 

စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အမေရိကန်နိုင်ငံတွင်း TPS ရုပ်သိမ်းခံရသူတွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်လာဖို့နဲ့ ရွေးကောက်ပွဲမှာ မဲပေးနိုင်ကြောင်း ပြောဆိုခဲ့ပြီး အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်ဟာ အပြုသဘောဆောင်တဲ့ ထုတ်ပြန်ချက်ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

 

ဓာတ်ပုံ – Burmese American Community Institute

ပုံစာ – အမေရိကန်နိုင်ငံရောက် တက်ကြွလှုပ်ရှားသူအချို့ ဆန္ဒထုတ်ဖော်နေပုံ

#CJPlatform #အမေရိကန် #TPS #ယာယီနေထိုင်ခွင့် #NUG