မိုးကုတ်မြို့အနီး ၁၄မိုင်ခန့်အကွာထိ စစ်အုပ်စု ရောက်ရှိလာ
မန္တလေးတိုင်း မိုးကုတ်မြို့ကနေ တအာင်းတပ်မတော် (TNLA) တပ်ဖွဲ့တွေ လာမယ့် နိုဝင်ဘာ ၂၉ ရက် (စနေနေ့) မှာ ပြန်လည်ဆုတ်ခွာဖို့ရှိနေချိန် စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ မိုးကုတ်မြို့အနီး ၁၄ မိုင် ခန့်အကွာကို ရောက်ရှိလာတယ်လို့ မိုးကုတ်ဒေသခံတွေနဲ့ စစ်မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
မိုးကုတ်မြို့အနီး ၁၄ မိုင် ခန့်အကွာ မိုးကုတ်–ကျောက်မဲသွားလမ်းနဲ့ ပြင်ဦးလွင်ကားလမ်းမဆုံရာ လယ်ကြီးရွာအနီးမှာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ရောက်ရှိနေတာဖြစ်တယ်လို့ သိရပြီး အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူအချို့လည်း ဝင်ရောက်လာမှုတွေရှိနေတယ်လို့ မိုးကုတ်ဒေသခံက ပြောပါတယ်။
“ကျွန်တော့်မိသားစုက မိုးကုတ်မြို့ထဲကနေ ဒီနေ့ ပြန်ထွက်လာပြီ။ စစ်အုပ်စုဘက်က အုပ်ချုပ်ရေး တာဝန်ရှိသူတွေ ဝင်လာနေပြီလို့တော့ ကြားတယ်” လို့ မိုးကုတ်ကနေ နေရပ်စွန့်ခွာ တိမ်းရှောင်လာသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်အုပ်စုဘက်က အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ဝင်လာမှု ရှိမရှိ အခြေအနေကို အတည်ပြုနိုင်ဖို့ တအာင်းတပ်မတော် (TNLA) ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို CJ Platform က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
မိုးကုတ်မြို့ထဲကို လာမယ့် စနေနေ့မှာ စစ်အုပ်စုတပ်ဖွဲ့တွေ ဝင်ရောက်လာနိုင်တာကြောင့် မိုးကုတ်ဒေသခံအချို့ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့အပြင် TNLA မဟာမိတ်တပ်ဖွဲ့အချို့လည်း တပ်ပြန်ဆုတ်နေမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
စစ်အုပ်စုယာဉ်တန်း အစီး ၂၀ ခန့် ဟာ မိုးကုတ်မြို့အနီးမှာ ရှိနေတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်ကလည်း ပြောပါတယ်။
မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY PDF)၊ မိုးကုတ်ဗျူဟာနဲ့ TRI ဗျူဟာတို့အပါအဝင် တပ်ဖွဲ့အချို့က မိုးကုတ်မြို့ကို ခုခံကာကွယ်သွားမယ်လို့ အောက်တိုဘာလကုန်ပိုင်းမှာ ထုတ်ပြန်ထားတာတွေရှိပါတယ်။ ဒါပေမဲ့ ရှမ်းမြောက်ဒေသထဲမှာရှိတဲ့ TNLA မဟာမိတ်တပ်ဖွဲ့အချို့ကတော့ ဒီနေ့ နိုဝင်ဘာ ၂၄ ရက်မှာ မိုးကုတ်မြို့ထဲကနေ ပြန်လည်ဆုတ်နေပြီလို့ ရှမ်းမြောက်ဒေသ ထဲက တပ်ရင်းမှူးတစ်ဦးထံက သိရပါတယ်။
တရုတ်ရဲ့ ကြားဝင်မှုနဲ့အတူ TNLA နဲ့ စစ်အုပ်စုတို့ဟာ အောက်တိုဘာ ၂၈ ရက်မှာ တွေ့ဆုံဆွေးနွေးပြီးနောက် မိုးကုတ်နဲ့ မိုးမိတ်ကနေ နိုဝင်ဘာ ၂၉ ရက်မှာ TNLA တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ဖို့ သဘောတူညီထားတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ MDY PDF၊ မိုးကုတ်ဗျူဟာနဲ့ ပူးပေါင်းတပ်တွေ မိုးကုတ်မြို့ထဲမှာရှိနေသေးတာကြောင့် စစ်အုပ်စုတပ်တွေ မြို့ထဲ ဝင်လာပါက နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်နိုင်ခြေ ရှိနေတယ်လို့ ဗိုလ်ကြီး ဇင်ယော်က CJ Platform ကို သုံးသပ်ပြောပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
