NUG လက်အောက်ခံ တာဝန်ရှိသူတွေ ခွင့်ပြုထားတဲ့ ရွှေမျောလုပ်ငန်းကို သဖန်းဆိပ်ဆည် ဒေသခံများ ဆန္ဒပြ၊ စိုက်ပျိုးမြေများ ပျက်စီးဟု ဆို
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်မှာ ဒေသခံတွေရဲ့ သဘောဆန္ဒမပါဝင်ဘဲ NUG လက်အောက်ခံ တာဝန်ရှိသူတွေက လုပ်ငန်းရှင်တွေကို ရွှေတူးဖော်ရေး (မျော) လုပ်ကိုင်ခွင့် ချထားပေးတာကြောင့် နိုဝင်ဘာ ၂၃ ရက်မှာ ကောလင်းမြို့နယ် ဒေသခံတွေဟာ ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ကြပါတယ်။

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သဖန်းဆိပ်ဆည်ရဲ့ အနောက်ဘက်ခြမ်းမှာ NUG လက်အောက်ခံ အမှတ် (၁) စစ်ဒေသ တာဝန်ရှိသူတွေဟာ ဇူလိုင်လကစလို့ ကျွန်းလှမြို့နယ်အတွင်း မျောလုပ်ကိုင်ခွင့်တွေကို စတင် ချထားပေးခဲ့ပြီး၊ ယခု နိုဝင်ဘာလတွင် ကောလင်းမြို့နယ်မှာပါ ထပ်မံ ချထားပေးခဲ့ကြောင်း သိရပါတယ်။

“ဒီ မျောတွေ လုပ်တာက ဒေသခံတွေအပေါ် ဆွေးနွေးတာတွေမရှိဘူး၊ ကျွန်တော်တို့ မိရိုးဖလာလုပ်နေတဲ့ စိုက်ပျိုးမြေတွေ စိုက်မရ ပျိုးမရ ဖြစ်တော့ နစ်နာတာစေတာဖြစ်လို့၊ သူတို့အနေနဲ့တော့ ကျွန်တော်တို့ နစ်နာသူ တောင်သူတွေအပေါ် နှစ်ဦးနှစ်ဖက်ညှိနှိုင်းပေးတာမျိုး ဖြစ်စေချင်ပါတယ်” လို့ ဆန္ဒပြမှုမှာပါဝင်တဲ့ ကောလင်းဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

မနေ့ နိုဝင်ဘာ ၂၃ ရက်နေ့ ဆန္ဒပြမှုမှာတော့ သဖန်းဆိပ်ဆည်အနီးကျေးရွာ လေးရွာခန့်က ဒေသခံ ၁၂၀ ခန့်က ပါဝင်ခဲ့ပါတယ်။

လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေက ကျွန်းလှနဲ့ ကောလင်းမြို့နယ်ထဲက ဒေသခံတွေရဲ့ သဘောဆန္ဒမပါပဲ သဖန်းဆိပ်ဆည်ထဲက စိုက်ပျိုးမြေနေရာ ဧက ၃၀၀ ကျော်အပေါ်မှာ ရွှေမျောဖောင်တွေ ထောင်နှင့်ချီလုပ်ကိုင်ခွင့် ချထားပေးတယ်လို့ ဒေသခံတွေအဆိုအရ သိရပါတယ်။

“ကျွန်တော်တို့မြေတွေကိုတော့ ဒီနိုဝင်ဘာလတည်းမှာစပြီးလုပ်တာ၊ မျောတွေ လုပ်တော့ စိုက်ပျိုးတဲ့နေရာတွေ ပျက်စီးကုန်တာပေါ့၊ တောင်သူတွေဆိုတော့လည်း ဘာမှ မပြောရဲဘူး၊ ခုကလည်း NUG တာဝန်ရှိသူတွေအနေနဲ့ ဖြေရှင်းပေးစေချင်ကြလို့ ဆန္ဒပြတာတွေ လုပ်ကြတာပါ” လို့ မနေ့က နိုဝင်ဘာ ၂၃ ရက်နေ့မှာ ကောလင်းမြို့နယ်ရှိ နစ်နာသူတောင်သူတစ်ဦးက CJ Platform ကို သူတို့သဘောဆန္ဒကို ပြောပါတယ်။
သဖန်းဆိပ်ဆည်အတွင်းက NUG လက်အောက်ခံ တာဝန်ရှိသူတွေ ခွင့်ပြုချက်နဲ့ ရွှေ မျောလုပ်ကိုင်တဲ့နေရာတွေဟာ ဆည်ရေကျပြီး မြေပေါ်လာတဲ့အချိန်တွေမှာ ဒေသခံတွေရဲ့ အကျိုးစီးပွားအတွက် မိရိုးဖလာ ကောက်ပဲသီးနှံ စိုက်ပျိုးလုပ်ကိုင်ကြရတဲ့ မြေနေရာတွေဖြစ်ပါတယ်။
ဒါကြောင့် တောင်သူတွေအနေနဲ့ကတော့ သူတို့ရဲ့ သဘောဆန္ဒနဲ့ အသိပေးတာမရှိပဲ ရွှေ မျောလုပ်ကိုင်ခွင့် ချထားပေးတဲ့ ကောက်ပဲသီးနှံ စိုက်ပျိုးလုပ်ကိုင်ရာ မြေနေရာတွေကို ပြန်လည်ရရှိစေရေးလိုလားနေကြတာဖြစ်ပါတယ်။
ဒေသခံတွေရဲ့ သဘောဆန္ဒအတွက် ဖြေရှင်းပေးဖို့ ရှိမရှိကိုတော့ NUG ရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ နဲ့ အမှတ် ၁ စစ်ဒေသကို CJ Platform က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လနဲ့ စက်တင်ဘာလတွေမှာလည်း သဖန်းဆိပ်ဆည် အနောက်ဘက်ခြမ်းမှာ နယ်ချဲ့လုပ်ကိုင်လာတဲ့ ရွှေ မျောဖောင်တွေကြောင့် စိုက်ပျိုးရေးလုပ်ကိုင်ရန် ခက်ခဲခြင်းနဲ့ ရေရှည်မှာ သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်တာကြောင့် ကျွန်းလှမြို့နယ် ဒေသခံတွေက ဆန္ဒပြတောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။
ဓာတ်ပုံ – ပေးပို့
