မင်းကင်းက ရွှေမျောလုပ်ကွက်နေရာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက် ၊ ဒေသခံ လေးဦးခန့်သေဆုံး
စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာအနီး လောင်းပြည့်ကျွန်း ရွှေမျောလုပ်ကွက်နေရာကို စစ်အုပ်စုက ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ဒေသခံ လေးဦးခန့် သေဆုံးခဲ့တယ်လို့ မင်းကင်းဒေသခံတွေဆီက ကနဦးသတင်းရရှိပါတယ်။

လောင်းပြည့်ကျေးရွာအနီးက ရွှေမျောလုပ်ကွက်နေရာကို မွန်းလွဲ ၁ နာရီခွဲခန့်ကစလို့ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့သလို ညနေ ၄ နာရီခန့်မှာလည်း ထပ်မံ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လောင်းပြည့်မှာ ဒီကနေ့ပဲ လေကြောင်းတိုက်ခိုက်မှုရှိခဲ့တာ ၊ ထိခိုက်မှုတွေတော့ အတိအကျမသိရသေးဘူး၊ လေးယောက်လောက်ဆုံးတယ်လို့သိရတယ်” လို့ မင်းကင်းမြို့နယ် ဒေသခံတစ်ဦးက CJ Platform ကို ပြောခဲ့ပါတယ်။

စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေ ထပ်မံရှိနိုင်ကြောင်း သိရပြီး CJ Platform အနေနဲ့လည်း ဒေသတွင်းထိခိုက်မှုအခြေနေတွေအတွက် ဆက်လက်အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
ချင်းတွင်းမြစ်ဘေး လောင်းပြည့်ကျေးရွာအနီးက မြေနုကျွန်းပေါ်မှာ ရွှေတူးဖော်ဖို့ ရွှေမျောစီမံကိန်းကို တော်လှန်ရေးတပ်ဖွဲ့တချို့က ဒေသခံတွေရဲ့ သဘောမပါဘဲ လုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့် ချထားပေးတာဖြစ်ပြီး စက်တင်ဘာ ၂၆ ရက်နေ့ကစလို့ အကောင်အထည်ဖော် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။
အဲဒီအတွက် လောင်းပြည့်ကျေးရွာ ဒေသခံတွေအပါအဝင် နီးစပ်ရာကျေးရွာတွေက ဒေသခံတွေဟာ အောက်တိုဘာ ၂ ရက်နေ့ ၊ အောက်တိုဘာ ၅ ရက်နေ့နဲ့ နိုဝင်ဘာ ၈ ရက်နေ့တွေမှာ ရွှေမျောတွေကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝဘေးအန္တရာယ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ စိုးရိမ်တာကြောင့် သုံးကြိမ်တိုင် ဆန္ဒပြမှုတွေလည်း ရှိခဲ့ပါတယ်။
ဓာတ်ပုံ – ပေးပို့
