KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုးနဲ့ ခရိုင်ဥက္ကဌဟောင်းတို့ကို KNUကနေ အပြီးတိုင် ထုတ်ပယ်

Author CJ Platform
Categories
Published on Nov 18, 2025

ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌဟောင်း စောမူတူးစေးဖိုးနဲ့ ဒူးပလာယာ ခရိုင်ဥက္ကဌဟောင်း စောရွှေမောင်းတို့ကို KNU အဖွဲ့အစည်းကနေ အပြီးတိုင် ထုတ်ပယ်လိုက်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး က အတည်ပြုပြောပါတယ်။

 

KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုးနဲ့ ခရိုင်ဥက္ကဌဟောင်း စောရွှေမောင်းတို့ဟာ KNU အဖွဲ့အစည်းရဲ့ မူဝါဒတွေကို အကြိမ်ကြိမ် ချိုးဖောက် နေတာကြောင့် အခုလို အပြီးတိုင် ထုတ်ပယ်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

“ထုတ်ပယ်လိုက်တာကို အတည်ပြုပါတယ်။ အဖွဲ့အစည်းရဲ့ မူဝါဒကို သတိပေးနေတဲ့ ကြားထဲကပဲ အဖန်တလဲလဲ ကျူးလွန် ဖောက်ဖျက် ခံခဲ့လို့ပါ” လို့ ပဒိုစောတောနီးက CJ Platform ကို ပြောပါတယ်။

 

KNU ကနေ အပြီးတိုင် ထုတ်ပယ်ခံခဲ့ရတဲ့ ဥက္ကဌဟောင်း စောမူတူးစေးဖိုးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခွက်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ခဲ့ပြီး စင်မြင့်ထက်မှာ ဂုဏ်ပြုစကား ပြောဆိုခဲ့ပါသေးတယ်။

 

ဒါ့အပြင် ခရိုင်ဥက္ကဌဟောင်း စောရွှေမောင်းကလည်း NCA ၁၀ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ခဲ့သလို စစ်ကော်မရှင် ပြုလုပ်တဲ့ ငြိမ်းချမ်းရေး အစည်းအဝေးပွဲတွေမှာလည်း တက်ရောက်ခဲ့ပြီး KNU က ချမှတ်ထားတဲ့ မူဝါဒတွေကို အကြိမ်ကြိမ် ချိုးဖောက် ခဲ့တာကြောင့် အခုလို အပြီးတိုင် ထုတ်ပယ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

စစ်ကော်မရှင် ကျင်းပတဲ့ NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားနဲ့ပတ်သက်ပြီး စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ NCA စာချုပ်ရဲ့ အနှစ်သာရ၊ အခြေခံမူများနဲ့ ရည်မှန်းချက်တွေကို ပြောင်ပြောင်တင်းတင်း ဖျက်ဆီး ခဲ့တဲ့အတွက် NCA လုပ်ငန်းစဉ်ဟာ ရပ်တန့်သွားပြီး စက္ကူစုတ်တစ်ခုသာ ဖြစ်သွားတယ်လို့ KNU အပါအဝင် မဟာမိတ် ၆ ဖွဲ့က အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – Pro-SAC