ကျားဖြန့်ကို ဟန်ပြ မဟုတ်ဘဲ အပြတ်ရှင်းမယ်လို့ BGF ထုတ်ပြောချိန် ရွှေကုက္ကိုထဲက တရုတ်နိုင်ငံသား ထောင်နဲ့ချီ နေရာရွှေ့ပြောင်း

Author CJ Platform
Categories
Published on Nov 18, 2025

ကရင်ပြည် မြဝတီမြို့အနီး ရွှေကုက္ကိုမှာရှိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေကို ဟန်ပြ မဟုတ်ဘဲ အပြတ်ချေမှုန်းမယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) က ထုတ်ပြောလာချိန် ရွှေကုက္ကိုထဲက တရုတ်နိုင်ငံသား ထောင်နဲ့ချီ နေရာရွှေ့ပြောင်းမှုတွေ ရှိလာပါတယ်။

BGF ထိန်းချုပ်ဒေသတွင်းမှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေကို ရက်ပိုင်းအတွင်း အပြီးတိုင် ချေမှုန်းရှင်းလင်းသွားမယ်လို့ BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော် က မနေ့ နိုဝင်ဘာ ၁၇ ရက်မှာ ထိုင်းနိုင်ငံအခြေစိုက် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တာပါ။

ဒါဟာ အရှေ့တောင်အာရှမှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေကို အမေရိကန်က အထူးတပ်ဖွဲ့ ဖွဲ့ကာ ချေမှုန်းမယ်လို့ အခု နိုဝင်ဘာ ၁၂ ရက်က ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း BGF က အခုလို သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ထုတ်ဖော် ပြောဆိုလာတာဖြစ်ပြီး အခုတစ်ကြိမ်ဟာ ဟန်ဆောင် ရှင်းလင်းမှာ မဟုတ်ဘူး လို့ ပြောဆိုလာဖြစ်ပါတယ်။

“ဒီအချိန် ဒီကာလက ဟန်ဆောင် သရုပ်ဆောင် လုပ်လို့ရတဲ့အချိန်ကာလ မဟုတ်တော့ဘူး။ ဒီအချိန် ဒီကာလက ကျွန်တော်တို့ အပြတ်ကို ချေမှုန်းရမယ်၊ကျွန်တော်တို့မှာ Plan A၊ Plan B၊ Plan C ဆိုတာ ရှိတယ်। B ကို ကျော်ပစ်လိုက်ပြီ။ C ဆိုတာ ဇာတ်သိမ်းပဲ။ ဒီဇာတ်သိမ်းကို ကျားဖြန့်ဆိုတဲ့ ငွေလိမ်းဂိုဏ်းကို ဒီတစ်ခါဆိုရင်တော့ အပြီးတိုင် ပပျောက်အောင် လုပ်ရမယ့်အချိန် ရောက်ပြီ” လို့ BGF ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

ရွှေကုက္ကိုနဲ့ အနီးဝန်းကျင်မှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေထဲက လူစာရင်းကိုလည်း ရရှိထားပြီး စုစုပေါင်း ၂၀၀၀ ဝန်းကျင် ရှိတယ်လို့လည်း ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဆိုပါတယ်။ BGF အနေနဲ့ အထူးတပ်ဖွဲ့ ဖွဲ့ပြီး စစ်ကော်မရှင်တပ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

အခုတစ်ခေါက် ကျားဖြန့်ရှင်းလင်းမှုဟာ နောက်ဆုံးအကြိမ် ရှင်းလင်းမှု ဖြစ်တယ်လို့ BGF က ပြောဆိုခဲ့ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ကလည်း ရွှေကုက္ကိုထဲမှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေကို BGF တပ်ဖွဲ့က ဝင်ရောက် စီးနင်းမှုတွေ ရှိခဲ့ကာ ကျားဖြန့်လုပ်ကိုင်သူ နိုင်ငံခြားသား ၄၀၀၀ ကျော် ကို ထိုင်းနိုင်ငံကနေတဆင့် သက်ဆိုင်ရာနိုင်ငံတွေဆီ လွှဲပြောင်းမှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း နာမည်ဆိုးနဲ့ ထင်ရှားတဲ့ KK Park ဝင်းထဲက ကျားဖြန့်ဂိုဏ်းတွေရှိရာ အဆောက်အအုံတွေ ဖြိုချဖျက်ဆီးမှုတွေ မလုပ်ဆောင်မီ အဲဒီဝင်းထဲမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ နဲ့ နိုင်ငံခြားသားတွေ နေရပ်စွန့်ခွာ ရွှေ့ပြောင်းရမှုတွေ ရှိခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ မေလဆန်းပိုင်းကလည်း ကရင်အမျိုးသားတပ်မတော်/နယ်ခြားစောင့်တပ် (KNA/BGF) ခေါင်းဆောင် စောချစ်သူနဲ့ သူ့ရဲ့ သားနှစ်ဦးဖြစ်တဲ့ စောထူးအယ်လ်မူး နဲ့ စောချစ်ချစ် တို့ကိုလည်း လူကုန်ကူးမှု၊ ကျားဖြန့်လုပ်ငန်းတွေ နဲ့ ပတ်သက်ဆက်နွယ်တယ်လို့ဆိုကာ အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါ့အပြင် BGF ထိပ်ပိုင်း ခေါင်းဆောင်တွေ ပိုင်ဆိုင်တဲ့ ကုမ္ပဏီ ၆ ခု ကိုလည်း ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

 

ဒေသတွင်း ကျားဖြန့်နှိမ်နင်းရေးအတွက် တရုတ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို နဲ့ ဗီယက်နမ်နိုင်ငံတို့ ပါဝင်တဲ့ ၆ နိုင်ငံ အွန်လိုင်းလိမ်လည်မှု ပူးပေါင်း တိုက်ဖျက်ရေး ဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို အခု နိုဝင်ဘာ ၁၄ ရက် ကလည်း တရုတ်နိုင်ငံ ကူမင်းမြို့ ဟိုင်ဂင် ဟိုတယ် မှာ ပြုလုပ်ခဲ့ပြီး စစ်ကော်မရှင်ဘက်က ပြည်ထဲရေး ဒုတိယဝန်ကြီး ဦးအောင်ကျော်ကျော် တက်ရောက်ခဲ့တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါသေးတယ်။

 

ဓာတ်ပုံ – ပေးပို့