အဓိကနယ်စပ်ဂိတ်တွေ ပိတ်ထားရလို့ အခွန်အခတွေ မရဘဲ ဖြစ်နေတယ်လို့ စစ်ခေါင်းဆောင် ပြော

Author CJ Platform
Categories
Published on Nov 17, 2025

နယ်စပ်ဂိတ်တွေ ပိတ်ထားရတာနဲ့ တရားမဝင် ကုန်သွယ်မှုတွေကြောင့် နစ်နာဆုံးရှုံးမှုတွေ ရှိနေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ထုတ် စစ်အုပ်စုရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

 

စစ်ခေါင်းဆောင်ရဲ့ မွန်ပြည် မော်လမြိုင်မြို့ ခရီးစဉ်အတွင်း မနေ့ နိုဝင်ဘာ ၁၆ရက်နေ့က သူ့အောက်ခံ ဌာနဆိုင်ရာ အရာရှိတွေ ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံချိန်မှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှစ်နိုင်ငံ ကုန်သွယ်မှု လုပ်ဆောင်နေတဲ့ အဓိကနယ်စပ်ဂိတ်တွေ အများစုကို ပိတ်ထားရပြီး တရားမဝင် ကုန်သွယ်မှုတွေကြောင့် အခွန်အခတွေ ဆုံးရှုံးနေတယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

 

နယ်စပ်ဒေသ လုံခြုံရေး အားနည်းလာမှုနဲ့ လက်အောက်ခံ ဝန်ထမ်းတွေရဲ့ ကိုယ်ကျိုးစီးပွားအတွက် တရားမဝင် ကုန်သွယ်ရေးမှာ ပါဝင်နေတာတွေကြောင့် အခွန်အခ မရဘဲ ထိခိုက် နစ်နာမှု ရှိနေတယ်လို့ စစ်ခေါင်းဆောင်က ဆက်ပြောပါတယ်။

 

ဒါ့အပြင် ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေဟာ သစ္စာစောင့်သိမှု မရှိဘဲ ကိုယ်ကျိုးစီးပွားအတွက် တရားမဝင် ကုန်သွယ်ရေးတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ စစ်ခေါင်းဆောင်က စွပ်စွဲ ပြစ်တင် ပြောဆိုထားပါသေးတယ်။

 

ဒါဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး အများဆုံး လုပ်ဆောင်နေပြီး နေ့စဉ် ကုန်သွယ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ သန်းနဲ့ချီ ရရှိနေတဲ့ နယ်စပ်ဂိတ်တွေကို ကာလရှည် လက်လွှတ်ထားရချိန် စစ်ခေါင်းဆောင်က အခုလို စွပ်စွဲ ပြစ်တင် ပြောဆိုမှုတွေ လုပ်ဆောင်လာတာပါ။

 

အခု နိုဝင်ဘာ ၁၅ ရက်က သိမ်းယူခဲ့တဲ့ တနင်္သာရီတိုင်းထဲက မောတောင် နယ်စပ်ဂိတ် အပါအဝင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ (EROs) တွေနဲ့ စစ်အုပ်စုကြား တိုက်ပွဲတွေအတွင်း EROs ပူးပေါင်းတပ်တွေက အဓိက နယ်စပ် အများစု ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

 

အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်စည် စီးဆင်းမှု အများဆုံး လုပ်ဆောင်နေတဲ့ အဓိကနယ်စပ်ဂိတ် ၁၇ ထဲက ၉ ခုကို EROs တွေက ထိန်းချုပ်ထားပြီး ကျန်နယ်စပ်ဂိတ် ၈ ခု ထဲက ကျိုင်းလပ်၊ စစ်တွေ၊ တမူး၊ မြဝတီ နယ်စပ်ဂိတ်တွေဟာ ကုန်သွယ်ရေး ရပ်တန့်နေတာကြောင့် စစ်အုပ်စုက နယ်စပ်ဂိတ် ၄ ခုမှာသာ စစ်ကော်မရှင်က ကုန်သွယ်ရေး လုပ်ဆောင်နေရာ ဖြစ်ပါတယ်။

 

စစ်ကော်မရှင် ထိန်းချုပ် လည်ပတ်နေတဲ့ နယ်စပ်ဂိတ် ၄ ခု ဟာ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နဲ့ တနင်္သာရီတိုင်းထဲက ကော့သောင်း၊ မြိတ် နယ်စပ်ဂိတ်တွေမှာ ကုန်သွယ်ရေး စီးဆင်းမှု ရှိနေတာသာ ဖြစ်ပြီး နေ့စဉ် ကုန်သွယ်မှု ပျမ်းမျှ တန်ဖိုး ဒေါ်လာ ၁ ဒဿမ ၈၃ သန်း ဝန်းကျင် ရရှိနေတာ ဖြစ်ပါတယ်။

 

အဓိကနယ်စပ် ကုန်သွယ်ရေးဂိတ် ၁၇ ခု ရဲ့ နေ့စဉ် ကုန်သွယ်မှု ပျမ်းမျှ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၃ သန်း ကျော် ရှိခဲ့တယ်လို့ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ ဇွန်လကုန် ရရှိခဲ့တဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေး အင်စတီကျူ (ISP-Myanmar) က ၂၀၂၄ ခုနှစ် အောက်တိုဘာမှာ ထုတ်ပြန်ထားပါတယ်။

 

၁၀၂၇ စစ်ဆင်ရေးကာလ နောက်ပိုင်း စစ်အုပ်စုက နယ်မြေ အများအပြားကို လက်လွှတ်ဆုံးရှုံးရချိန် အဓိကနယ်စပ် ကုန်သွယ်ရေးဂိတ်တွေကိုလည်း လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် လက်ရှိမှာတော့ နယ်စပ် ကုန်သွယ်ရေး ၄ ခုကိုသာ အပြည့်အဝ လည်ပတ်နိုင်ပြီး နေ့စဉ် ကုန်သွယ်ခွန် ရရှိမှုဟာ ဒေါ်လာ ၁ သန်း ကျော်သာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

 

ဒါဟာ စစ်ဘက်ဆိုင်ရာ လက်နက် ခဲယမ်းတွေ ဝယ်ယူဖို့အတွက် နိုင်ငံခြားငွေ လိုအပ်နေချိန် နယ်စပ် ကုန်သွယ်ရေး စခန်းတွေကို လက်လွှတ်ထားရမှုကြောင့်‌ နေ့စဉ် ကုန်သွယ်မှု တန်ဖိုး ပျမ်းမျှ ဒေါ်လာ ၂၁ သန်း ကျော် ဆုံးရှုံးနေတာဟာ စစ်အုပ်စုအတွက် အထိနာတဲ့ ထိုးနှက်ချက် တစ်ခုလည်း ဖြစ်စေခဲ့ပါတယ်။

 

ဓာတ်ပုံ – Pro-SAC

ပုံစာ – ကော့သောင်း-ရနောင်း နယ်စပ်ကုန်သွယ်ရေးတစ်နေရာကို မြင်ရပုံ