‘ဒလန်’ ဟု စွပ်စွဲသတ်ဖြတ်ခံခဲ့ရတဲ့ စေတုတ္တရာက တော်လှန်ရေးထောက်ပို့တစ်ဦး

Published on Nov 17, 2025

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်ဟာ စစ်အာဏာရှင်ကို တော်လှန်ရာမှာ တက်ကြွစွာ ပါဝင်နေတဲ့ နယ်မြေတစ်ခုဖြစ်ပါတယ်။ သို့သော် ထိုနယ်မြေရှိ ဒေသခံတစ်ဦးဖြစ်သူ ဦးမြင့်ဆွေအတွက်မူ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုထက်ပင်၊ မိမိအားကိုးအားထားပြုရမည်ဟု ယူဆထားတဲ့ တော်လှန်ရေးအင်အားစုတစ်ခုရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။

တော်လှန်ရေးကို အစောပိုင်းကာလကတည်းက ထောက်ပံ့ကူညီခဲ့သူ၊ မြို့နယ်သပိတ်တွေမှာ ဦးဆောင်ပါဝင်ခဲ့သူ ဦးမြင့်ဆွေတစ်ယောက်၊ “ဒလန်” ဆိုတဲ့ စွပ်စွဲချက်တစ်ခုနဲ့ အဖမ်းခံခဲ့ရပြီး၊ တစ်နှစ်ကျော်အကြာမှာတော့ သူ ယုံကြည်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့အစည်းရဲ့ လက်ထဲမှာပဲ အသက်ပျောက်ခဲ့ရပါတယ်။

“ကျွန်တော်တို့ လက်နက်ကိုင်လှုပ်ရှားမှု့တွေစတော့ ဦးမြင့်ဆွေတို့အကူညီတွေယူခဲ့ရတယ်၊ သူတို့ကလည်းဖြစ်စေချင်တယ် သူတို့ရွာခံလူတွေလည်း ကူညီပါဝင်ခဲ့ကြတာအများကြီးပဲ” လို့ ဦးမြင့်ဆွေနဲ့ လက်တွဲလုပ်ကိုင်ခဲ့ဖူးတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက အတည်ပြုပြောပါတယ်။

 

စစ်အာဏာမသိမ်းမီကတည်းက ဒေသတွင်း တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ခဲ့တဲ့ ဦးမြင့်ဆွေဟာ နွေဦးတော်လှန်ရေးစတင်ချိန်မှာ ရှေ့တန်းကနေ ပါဝင်ခဲ့သူပါ။

ဒေသခံတွေရဲ့အဆိုအရ၊ ပြဿနာရဲ့အစဟာ ဦးမြင့်ဆွေနဲ့ မြို့နယ် ပကဖခေါင်းဆောင် ဦးကျော်လွင်ဦးတို့ကြားက ပုဂ္ဂိုလ်ရေးမပြေလည်မှုတွေကနေ စတင်ခဲ့တာပါ။ နွားအငှားသုံးတဲ့ကိစ္စ၊ ရပ်ရွာစာသင်ကျောင်း ပြန်ဖွင့်ရေးကိစ္စတွေမှာ သဘောထားကွဲလွဲမှုတွေ ရှိခဲ့တယ်လို့ ဆိုကြပါတယ်။ အဲဒီနောက်မှာတော့ ဦးမြင့်ဆွေဟာ စစ်ကော်မရှင်ရဲ့ “မြစိမ်းရောင်ချေးငွေ” လုပ်ငန်းကို လုပ်ကိုင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပစ်မှတ်ထားခံလာရပါတယ်။

 

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့မှာတော့ မြို့နယ် ပကဖ အဖွဲ့ဝင်တွေဟာ လက်နက်တွေနဲ့အတူ ဦးမြင့်ဆွေရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ “မြစိမ်းရောင်” လုပ်ငန်းနဲ့မသက်ဆိုင်တဲ့၊ ပြည်ပက သားသမီးတွေပို့ပေးထားတဲ့ ကျပ်သိန်း ၄၀ ကျော်နဲ့ ရွှေထည်ပစ္စည်းတွေကိုပါ သိမ်းဆည်းသွားခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

 

“ကြိမ်းမောင်းတာတွေ ကလေးကိုပါသတ်မယ်ဖြတ်မယ်ဆိုတော့ တော်လှန်ရေးသမားတော့ မဖြစ်နိုင်ဘူး” လို့ စေတုတ္တရာက တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ထိုအချိန်က အခြေအနေကို ပြန်ပြောပြပါတယ်။

 

ဖမ်းဆီးရာမှာ ပါဝင်ခဲ့တဲ့ ရဲဘော်အများစုဟာ ဘာကြောင့်ဖမ်းရတယ်ဆိုတာကို တိတိကျကျမသိခဲ့ဘဲ၊ ခေါင်းဆောင်ဖြစ်သူ ဦးကျော်လွင်ဦးရဲ့ အမိန့်အရသာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ဆေးမှုတွေအတွင်းမှာလည်း ဦးမြင့်ဆွေဟာ စစ်ကော်မရှင်နဲ့ ပတ်သက်တယ်ဆိုတဲ့ ခိုင်လုံတဲ့အထောက်အထား မတွေ့ရှိခဲ့တဲ့အတွက်၊ ပကဖ ရေးရာတာဝန်ခံအချို့က သူ့ကို ခံဝန်နဲ့ပြန်လွှတ်ပေးဖို့ အကြံပြုခဲ့ပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ဖြစ်သူ ဦးကျော်လွင်ဦးက “သူ့တာဝန်” ဆိုတဲ့ အာဏာနဲ့ ပယ်ချခဲ့တယ်လို့ ပကဖနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

ဒီလုပ်ရပ်ကြောင့်ပဲ မြို့နယ် ပကဖအဖွဲ့အတွင်း သဘောထားကွဲလွဲမှုကို ပြင်းထန်စွာ ဖြစ်စေခဲ့ပြီး၊ ပကဖ ရဲဘော် အများစုနဲ့ ရေးရာတာဝန်ခံအချို့ဟာ မြို့နယ်တာဝန်ခံ၊ ဒုတာဝန်ခံတို့အဖွဲ့နဲ့ လမ်းခွဲကာ အဖွဲ့နှစ်ဖွဲ့ကွဲသွားခဲ့ရပါတယ်။

 

ဦးမြင့်ဆွေကို တစ်နှစ်ကျော်ကြာ ထိန်းသိမ်းထားပြီးနောက်၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့မှာတော့ “အချုပ်ခန်းကနေ ထွက်ပြေးလို့” ဆိုတဲ့ အကြောင်းပြချက်နဲ့ ပစ်သတ်လိုက်ကြပါတယ်။ မိသားစုဝင်တွေကတော့ အလောင်းကိုတောင် ပြန်လည်မရရှိခဲ့ပါဘူး။

“မြို့နယ် ပကဖခေါင်းဆောင် ကျော်လွင်ဦးက အမှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရတယ်။ ကျွန်တော်တို့အမှုက သူ့အတွက် အရေးကြီးဆုံးပဲ။ အဲဒါကြောင့် သက်သေမကျန်အောင် နှုတ်ပိတ်လိုက်တာ” လို့ ဦးမြင့်ဆွေရဲ့ သားဖြစ်သူက ပြောပါတယ်။

 

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မကွေးတိုင်း ပကဖ တာဝန်ရှိသူ တစ်ဦးကတော့ “ကနဦးသိထားချက်အရ ဖမ်းဆီးထားစဉ်မှာ ထွက်ပြေးတဲ့အတွက် လိုက်လံဖမ်းဆီးရင်း ပစ်ခတ်မှုဖြစ်ထားတယ်လို့ သိရပါတယ်။ ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေပြီး အတည်ပြုနိုင်အောင် ကြိုးစားနေပါတယ်” လို့သာ ဖြေကြားခဲ့ပါတယ်။

 

NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန နဲ့ စေတုတ္တရာ မြို့နယ် ပကဖ တာဝန်ခံကို CJ Platform က အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယနေ့အချိန်အထိ တရားဝင်တုံ့ပြန်မှုတစ်စုံတစ်ရာ မရရှိသေးပါဘူး။

 

ဒီလို တရားမဲ့ ဖမ်းဆီးသတ်ဖြတ်မှုဖြစ်ရပ်ဟာ စေတုတ္တရာဒေသခံတွေရဲ့ တော်လှန်ရေးအပေါ် ယုံကြည်မှုကို အကြီးအကျယ် ထိခိုက်စေခဲ့ပါတယ်။ “ဒီဖြစ်စဥ်တွေက ဒေသခံတွေရဲ့ တော်လှန်ရေး အပေါ် ယုံကြည်မှု လုံးဝ လျော့သွားတယ်” လို့ ပကဖနဲ့ နီးစပ်သူတစ်ဦးက မှတ်ချက်ပေးပါတယ်။

 

ဒါ့အပြင်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) နဲ့ သက်ဆိုင်ရာ တိုင်း၊ ခရိုင်စတဲ့အဖွဲ့စည်း အနေဖြင့်လည်း ၎င်းတို့လက်အောက်ရှိ တပ်ဖွဲ့တွေမှာ စည်းကမ်းနဲ့ တရားဥပဒေစိုးမိုးရေးကို တင်းတင်းကျပ်ကျပ် ထိရောက်စွာ အရေးယူမှသာ တော်လှန်ရေးလမ်းကြောင်းကို မှန်ကန်စွာ ဆက်လက်လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။

 

#CJPlatform #စေတုတ္တရာ #ဦးမြင့်ဆွေ