NUG အစိုးရအဖွဲ့ အပြောင်းအလဲ လုပ်ဆောင်ပြီး ဝန်ကြီးဌာန ၅ ခုအထိ လျှော့ချမယ်လို့ဆို
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရအဖွဲ့ ဝန်ကြီးဌာန ၁၇ ကို ဝန်ကြီးဌာန ၅ ခုအထိ ပြန်လည်လျှော့ချပြီး ပြင်ဆင်ဖွဲ့စည်းသွားဖို့ရှိနေသလို ဝန်ကြီးဌာနအချို့ကို ဦးစီးဌာနအဆင့်ထိ ပြောင်းလဲဖို့ရှိနေတယ်လို့ NUG အစိုးရအဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
NUG အစိုးရအဖွဲ့ ဝန်ကြီးဌာန ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အခြားတစ်ခုတို့သာ ကျန်ရှိတော့မှာဖြစ်တယ်လို့ NUG အစိုးရအဖွဲ့နဲ့ နီးစပ်သူက CJ Platform ကို ပြောဆိုထားပါတယ်။
“ကျွန်တော်တို့ သိထားရသလောက်က ကာကွယ်ရေး၊ ပြည်ထဲရေး၊ တရားရေး၊ နိုင်ငံခြားရေးတို့ ကျန်မယ်။ နောက်တစ်ခုကတော့ မသေချာသေးဘူး။ စုစုပေါင်း ၅ ခုပေါ့။ ကျန်တဲ့ဝန်ကြီးဌာနတွေကို ဦးစီးဌာနအဆင့်ထိ လျှော့ချမလား၊ လုံးဝဖျက်သိမ်းမလားဆိုတာကတော့ မသိရသေးဘူး” လို့ NUG နဲ့ နီးစပ်သူက ပြောပါတယ်။
NUG အစိုးရအဖွဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်တာ၊ ပြုပြင်ပြောင်းလဲတာတွေကို အစိုးရစဖွဲ့ကတည်းက လုပ်ဆောင်ခဲ့ပြီး ဝန်ကြီးဌာနအချို့ အပြောင်းအလဲနဲ့ပတ်သက်ပြီး မကြာခင်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ကြေညာသွားဖို့လည်း ရှိနေတယ်လို့လည်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း CJ Platform ကို ပြောပါတယ်။
“တချို့သော ပြုပြင်ပြောင်းလဲမှုတွေကို ပြန်လည်သုံးသပ်ပြီးတော့ ဆောင်ရွက်နေတာတွေရှိတယ်။ အဲတော့ ဘယ်လိုပုံစံမျိုးတွေ ပြုပြင်ပြောင်းလဲနေတယ်ဆိုတဲ့ကိစ္စကတော့ မကြာခင်မှာ ကျွန်တော်တို့ ထုတ်ပြန်ကြေညာသွားဖို့ ရှိတယ်။ အထူးသဖြင့်တော့ CPRH က အချို့အပြောင်းအလဲတွေကို ကြေညာပေးလာမယ့် အခြေအနေဖြစ်ပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
တော်လှန်ရေး ၅ နှစ်တာကာလအတွင်း NUG အစိုးရအနေနဲ့ သိသာထင်ရှားတဲ့၊ တော်လှန်ရေးကို အရှိန်မြှင့်နိုင်မယ့် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ရေးလေ့လာသူတွေက ဝေဖန်ထောက်ပြမှုတွေရှိလာချိန် NUG အစိုးရဘက်က အခုလို ထုတ်ဖော်ပြောဆိုမှုတွေ ရှိလာတာပါ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်တော်လှန်ရေးတပ်ဦးအနေနဲ့ NUG အစိုးရအဖွဲ့ကို ၂၀၂၀ ရွေးကောက်ခံလွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းခဲ့ပြီး သမ္မတရုံးနဲ့ ဝန်ကြီးဌာန ၁၇ ခုကို ဖွဲ့စည်းခဲ့ကာ တော်လှန်ရေး ၅ နှစ်တာကာလအတွင်း ဝန်ကြီးဌာနအချို့ထဲက ဒုဝန်ကြီးအပြောင်းအလဲအချို့ကို လုပ်ဆောင်ခဲ့ပေမဲ့ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတော့ မရှိခဲ့ဘူးလို့ NUG/CRPH နဲ့ နီးစပ်သူတွေကလည်း ဆိုပါတယ်။
လက်ရှိမှာ အစိုးရအဖွဲ့ဆိုတာထက် တော်လှန်ရေးအစိုးရအဖွဲ့အနေနဲ့သာရှိနေသင့်ပြီး မြန်မာပြည်သူတွေ၊ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေကို တစုတစည်းတည်း ပေါင်းစည်းဦးဆောင် ခေါင်းဆောင်နိုင်မယ့် ဦးဆောင်သူတစ်ဦး မဖြစ်မနေ လိုအပ်နေတယ်လို့ ရှမ်းမြောက်စစ်ဆင်ရေးတွေ ပူးပေါင်းပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုက တပ်ရင်းမှူးတစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။
ဓာတ်ပုံ – NUG
ပုံစာ – NUG အစိုးရအဖွဲ့ တာဝန်ရှိသူတွေကို ၂၀၂၅ ဇူလိုင်လကုန်ပိုင်းက အမှတ် ၁ စစ်ဒေသအတွင်း တွေ့ရစဉ်
