အင်းလေး ဖောင်တော်ဦးဘုရားပွဲ ကျင်းပနေပေမဲ့ ခရီးသွားလာရောက်မှု နည်းပါး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ဖောင်တော်ဦးဘုရားပွဲတော်ကို စက်တင်ဘာ ၂၂ ရက်မှာ စတင်ကျင်းပနေပြီဖြစ်ပေမဲ့ ဒေသတွင်းပြည်သူတွေနဲ့ ပြည်တွင်းပြည်ပ ခရီးသွားတွေ လာရောက်မှု နည်းနေသေးတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အင်းလေးဒေသမှာ နှစ်စဉ်ကျင်းပနေကျ ဖောင်တော်ဦးဘုရား ရုပ်ပွားတော်မြတ် ၂၁ ဌာန ဒေသစာရီကြွချီတော်မူတဲ့ အခမ်းအနားကို အခု စက်တင်ဘာ ၂၂ ရက်ကနေ အောက်တိုဘာ ၉ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး နမ့်ဟူးစံကျောင်း၊ အင်းတိန်စံကျောင်း၊ ဟဲယားရွာမ၊ ညောင်ရွှေ၊ နန်းသဲ စတဲ့ နေရာပေါင်း ၂၁ ခုကို ဒေသစာရီ ကြွချီမှာလည်း ဖြစ်ပါတယ်။
“ဒီနှစ်က လာတဲ့သူနည်းတယ်။ ခရီးသွားတွေလည်း အဲဒီလောက် မများဘူး။ အရင်ကလို မစည်တော့ဘူး။ ဒီနေ့ ဘုရားကြွတာက ငါးဖယ်ချောင်းကျောင်းရောက်ပြီ၊ မနက်ဖြန် ကြေးစားကုန်း။ ပြီးတော့ သူတို့ (စစ်ကော်မရှင်) က မလုပ်မနေရလို့ အမိန့်ပေးထားတော့ မဖြစ်ဖြစ်အောင် လုပ်ရတာ၊ ပွဲတော်ကတော့ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်နေ့အထိ လုပ်သွားမှာပါ” လို့ ညောင်ရွှေဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
အခု ကျင်းပနေတဲ့ ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီချိန် ဒေသခံပြည်သူ ၁၀၀ ဝန်းကျင် လိုက်ပါပို့ဆောင်တာမျိုး ရှိပေမဲ့ ပြည်တွင်းပြည်ပ ခရီးသွားပြည်သူတွေ လာရောက်မှုနည်းပါးနေတာကြောင့် ဒေသခံပြည်သူတွေရဲ့ စီးပွားရေးနဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းအတွက် ထိခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ဟာ ဘာသာရေးပွဲတော်တစ်ခုလည်းဖြစ်ပြီး အင်းလေးလှေလှော်ပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပတာကြောင့် ဒေသခံပြည်သူတွေနဲ့ ခရီးသွားဧည့်သည်အများအပြား လာရောက်လေ့ရှိတဲ့ အင်းလေးဒေသပွဲတော်တစ်ခု ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘုရားပွဲတော်ကို ဆက်လက်ကျင်းပနေပေမဲ့ ဒေသတွင်း စစ်ရေးပဋိပက္ခတွေနဲ့ ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေရမှု အခြေအနေတွေကြောင့် စစ်တပ်အာဏာမသိမ်းခင် ကာလကထက် လာရောက်သူ နည်းပါးနေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းက ရှမ်းပြည်တောင်ပိုင်းမှာ မိုးရွာသွန်းမှု များပြားခဲ့တာကြောင့် ရပ်စောက်၊ ဟဲဟိုးနဲ့ ညောင်ရွှေဘက်ကနေ အင်းလေးကန်ထဲကို ရေစီးဝင်မှုများပြားခဲ့ပြီး အင်းလေးကန်ရေမျက်နှာပြင် မြင့်တက်ခဲ့ကာ ဒေသခံအိမ်အချို့ ရေနစ်မြုပ်မှုတွေ ရှိခဲ့တာကြောင့် ရွှေ့ပြောင်းနေထိုင်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။