စစ်အုပ်စုက စစ်ရှောင်တွေဆီကနေ မဲရဖို့ ကြိုးပမ်းလာ

စစ်အုပ်စုက လက်လွှတ်ထားရတဲ့ နယ်မြေတွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ကြေညာထားပြီးနောက် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးရှောင်တွေဆီကနေ ကြိုတင်မဲတွေရဖို့ ကြိုးပမ်းလာပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကနေ လွှတ်တော်မဲဆန္ဒနယ်အသီးသီးအတွက် မဲစာရင်းပါရှိတဲ့ သက်ဆိုင်ရာမြို့နယ်ရဲ့ ပြင်ပမှာ ရောက်ရှိနေတဲ့ စစ်ရှောင်တွေအပါအဝင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေ ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်နေတယ်လို့ မနေ့ စက်တင်ဘာ ၁၆ ရက်နေ့မှာ အသိပေးကြေညာလာပါတယ်။
ဒါဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း (၁) မှာ စစ်ကော်မရှင်တပ်က သူတို့ လက်လွှတ်ထားရတဲ့ နယ်မြေ ၅၆ မြို့နယ်မှာ ကျင်းပနိုင်တဲ့ အခြေအနေမရှိဘူးလို့ ဝန်ခံပြီးနောက်မှာ စစ်ဘေးရှောင်တွေဆီကနေ မဲရဖို့ ကြိုးပမ်းလာတာလည်း ဖြစ်ပါတယ်။
ကြိုတင်မဲပေးမယ့် စစ်ရှောင်တွေအနေနဲ့ ဖြည့်စွက်ရမယ့် ပုံစံ (၁၅) ကို UEC ရဲ့ ဝက်ဘ်ဆိုက် ဒါမှမဟုတ် ရောက်ရှိရာဒေသက မြို့နယ်ကော်မရှင်အဖွဲ့ခွဲကနေ ရယူဖြည့်စွက်ပြီး အောက်တိုဘာ ၁၂ ရက်နေ့အရောက် ပြန်လည်ပေးပို့ရမယ်လို့ ဆိုထားပါတယ်။
စစ်ရှောင်တွေ ရောက်ရှိနေတဲ့ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲအနေနဲ့ကတော့ နိုဝင်ဘာ ၂၅ ရက်ကနေ နိုဝင်ဘာ ၂၉ ရက်နေ့အတွင်း သင့်လျော်တဲ့နေ့ရက်၊ သင့်လျော်တဲ့နေရာမှာ ကြိုတင်ဆန္ဒမဲပေးနိုင်ဖို့ ဆောင်ရွက်ပေးရမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကြိုတင်မဲမပေးချင်တဲ့ စစ်ရှောင်တွေအနေနဲ့ကတော့ လက်ရှိရောက်ရှိနေတဲ့ မြို့နယ်မှာ မဲစာရင်းပါအောင် ရွေးကောက်ပွဲကျင်းပမယ့် နေ့မတိုင်မီ ရက်ပေါင်း ၆၀ ထက် နောက်မကျစေဘဲ အောက်တိုဘာ ၂၇ ရက် နောက်ဆုံးထားပြီး ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲတွေကနေ တဆင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲကို ပုံစံ (၃-က) နဲ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀ ပါ သတ်မှတ်ချက်တွေနဲ့အညီ လျှောက်ထားရမှာ ဖြစ်တယ်လို့ စစ်အုပ်စုက ဆိုပါတယ်။
စစ်အုပ်စုဟာ မြန်မာနိုင်ငံတစ်ဝန်းမှာ ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပမယ်လို့ ကြေညာထားပြီး လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ အပိုင်း (၁) ကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပမယ်လို့ ကြေညာထားပါတယ်။
အဲဒီလို ကြေညာထားပေမယ့် စက်တင်ဘာ ၁၄ ရက် ညပိုင်းမှာတော့ မြို့နယ်ပေါင်း ၅၆ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်တော့ဘူးလို့ ထုတ်ပြန်လိုက်တာပါ။
စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်လိုက်တဲ့ ၅၆ မြို့နယ်ဟာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ (ERO) တွေနဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်အများစု ပါဝင်နေပါတယ်။
တစ်ဖက်မှာလည်း စစ်ကော်မရှင်တပ်ဟာ သူတို့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် စစ်ရှောင်တွေဆီကနေ ကြိုတင်မဲရဖို့သာမက ပြည်ပရောက် မြန်မာနိုင်ငံသားတွေဆီက ကြိုတင်မဲတွေရဖို့ ပေးပို့ရမယ့်ရက်ကိုလည်း အောက်တိုဘာ ၁၂ ရက်နေ့အထိ ရက်တိုးသတ်မှတ်နေပါတယ်။
စစ်ကော်မရှင်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို တိုင်းရင်းသားလက်နက်ကိုင်တွေ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေက ကန့်ကွက်ရှုတ်ချတယ်လို့ အသီးသီးကြေညာထားပါတယ်။
ဓာတ်ပုံ – pro SAC