စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ဘာလဲ၊ ဘယ်လဲ?

Author CJ Platform
Categories
Published on Sep 12, 2025

စစ်အုပ်စုသည် ရွေးကောက်ပွဲကျင်းပရန် ရက်သတ်မှတ်ပြီး အချိန်နောက်ပိုင်း ဩဂုတ် (၃၀) ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်များကို ပြောင်းလဲသတ်မှတ်ခဲ့သည်။

 

ထို့ကြောင့် စက်တင်ဘာ (၁) ရက်နေ့တွင် CJ Platform မှ ဖြန့်ချိခဲ့သည့် “အစိုးရနှင့် လွှတ်တော်ကို စစ်တပ်က ၅၀ ရာခိုင်နှုန်းအထက် ချုပ်ကိုင်ရန် စနစ်တကျ ပြင်ဆင်ထားသည့် ရွေးကောက်ပွဲစနစ်” အစီရင်ခံစာတွင် ပါဝင်သည့် အမျိုးသားလွှတ်တော်နှင့် ပတ်သက်သည့် အချက်အလက်များကို ဖြည့်စွက်ကာ ဒုတိယအကြိမ် ထပ်မံဖြန့်ချိခဲ့ရခြင်း ဖြစ်သည်။

 

စစ်အုပ်စု၏ ရွေးကောက်ပွဲ အပိုင်း (၁) အတွင်း CJ Platform မှ စိစစ်တွေ့ရှိရသည့် အချက်အလက်အနှစ်ချုပ်များ

(၁) အပိုင်း (၁) ရွေးကောက်ပွဲအပြီးတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ထွက်ပေါ်မည့် ကိုယ်စားလှယ်ဦးရေ တစ်ဦးမျှ မရှိ။
(၂) စစ်အုပ်စု ကိုင်ဆွဲထားသည့် ဥပဒေများအရ အပိုင်း (၁) ရွေးကောက်ပွဲအပြီးတွင် လွှတ်တော်ခေါ်ယူနိုင်သည်။
(၃) လွှတ်တော်ခေါ်ယူပြီးနောက် စစ်အုပ်စုအလိုကျ အစိုးရဖွဲ့စည်းနိုင်သည်။
(၄) ရွေးကောက်ပွဲ အပိုင်း (၁) အပြီး လွှတ်တော်ခေါ်ယူပါက ပြည်သူ့လွှတ်တော်အတွင်း ရွေးကောက်ခံ ကိုယ်စားလှယ် ၄၈ ဒသမ ၁၁ ရာခိုင်နှုန်း၊ စစ်တပ်ကိုယ်စားလှယ် ၅၁ ဒသမ ၈၉ ရာခိုင်နှုန်း ရှိနိုင်သည်။
(၅) ရွေးကောက်ပွဲ အပိုင်း (၁) အပြီး လွှတ်တော်ခေါ်ယူပါက အမျိုးသားလွှတ်တော်အတွင်း ရွေးကောက်ခံ ကိုယ်စားလှယ် ၁၆ ဒသမ ၄ ရာခိုင်နှုန်း၊ စစ်တပ်ကိုယ်စားလှယ် ၈၃ ဒသမ ၅၈ ရာခိုင်နှုန်း ရှိနိုင်သည်။
(၆) ရွေးကောက်ပွဲ အပိုင်း (၁) အပြီး လွှတ်တော်ခေါ်ယူပါက ပြည်ထောင်စုလွှတ်တော်အတွင်း ရွေးကောက်ခံ ကိုယ်စားလှယ် ၄၀ ဒသမ ၅၀ ရာခိုင်နှုန်း၊ စစ်တပ်ကိုယ်စားလှယ် ၅၉ ဒသမ ၄၉ ရာခိုင်နှုန်း ရှိနိုင်သည်။
(၇) ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များတွင် စစ်အုပ်စုကိုယ်စားပြု စစ်တပ်ကိုယ်စားလှယ်များသာ လွှတ်တော်ဥက္ကဋ္ဌများ ဖြစ်လာနိုင်သည်။
(၈) နိုင်ငံတော်သမ္မတမှာ စစ်တပ်ကိုယ်စားလှယ်များမှ တင်မြှောက်သည့် စစ်အုပ်စုကိုယ်စားပြုသူများသာ ဖြစ်လာနိုင်သည်။

 

CJ Platform မှ ဖြန့်ချိထားသည့် “အစိုးရနှင့် လွှတ်တော်ကို စစ်တပ်က ၅၀ ရာခိုင်နှုန်းအထက် ချုပ်ကိုင်ရန် စနစ်တကျ ပြင်ဆင်ထားသည့် ရွေးကောက်ပွဲစနစ်” အစီရင်ခံစာ (ဒုတိယအကြိမ် ပြင်ဆင်ပြီး) PDF ဖိုင်ကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ဒီနေရာမှာ ရယူနိုင်ပါသည်။