သံဃာတော်နဲ့ ကလေးငယ်အပါအဝင် ဒေသခံ ၁၀၀ ကျော် ထိခိုက်သေဆုံးအောင် စစ်အုပ်စု ဗုံးကြဲ

Author CJ Platform
Categories
Published on Sep 02, 2025

တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားရာ နေရာတွေမှာ ဩဂုတ်လအတွင်း စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်နဲ့ ကလေးငယ်တွေ အပါအဝင် ဒေသခံ ၁၀၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ PSLF/TNLA သတင်းပြန်ကြားရေးက မနေ့က ထုတ်ပြန်လိုက်ပါတယ်။

 

စစ်အုပ်စုရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်း တိုက်ခိုက်မှုတွေကြောင့် နေအိမ် ၁၀၀ ကျော်၊ ဘုန်းကြီးကျောင်း ၁၂ ကျောင်းနဲ့ စာသင်ကျောင်းတစ်ကျောင်း အပါအဝင် အဆောက်အဦ အများအပြားလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်မဲ၊ မိုးကုတ်၊ မိုင်းငေါ့၊ သီပေါနဲ့ မိုင်းလုံမြို့နယ်တို့မှာ စစ်အုပ်စုက အရပ်သားတွေ နေထိုင်ရာ နေရာတွေကို တိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်နဲ့ ကလေးငယ်အပါအဝင် ပြည်သူ ၄၆ ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

 

သေဆုံးသူအများစုဟာ မိုးကုတ်မြို့နယ်မှာ ဖြစ်ပြီး စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော် ၂ ပါး၊ ကလေးငယ် ၄ ဦးနဲ့ အရပ်သား ၃၅ ဦး သေဆုံးခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် ဒဏ်ရာရရှိသူတွေထဲမှာလည်း သံဃာတော်နဲ့ ကလေးငယ်တွေ ပါဝင်ကာ မိုးကုတ်မြို့မှာ ၂၅ ဦးနဲ့ အများဆုံးဖြစ်ခဲ့ပြီး ကျောက်မဲမြို့မှာ ၁၃ ဦးနဲ့ ဒုတိယအများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

 

အရပ်သား နေထိုင်ရာ နေရာတွေမှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် ဩဂုတ်လအတွင်း အဆောက်အဦပေါင်း ၁၃၃ လုံး ထိခိုက်ပျက်စီးခဲ့တာပဲ ဖြစ်ပါတယ်။

 

ပျက်စီးသွားတဲ့ အဆောက်အဦတွေထဲ ဘုန်းကြီးကျောင်း ၁၂ ကျောင်းနဲ့ လူနေအိမ် ၁၀၈ လုံး ပါဝင်ပြီး ကျောက်မဲမြို့က အဆောက်အဦ ၄၇ လုံးနဲ့ အများဆုံးဖြစ်ခဲ့ပြီး မိုးကုတ်မြို့က ၄၅ လုံးနဲ့ ဒုတိယအများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာလည်း ကလေးငယ်အပါအဝင် ပြည်သူ ၂၇ ဦး သေဆုံးခဲ့ပြီး ၈၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၁၆ လုံး၊ စာသင်ကျောင်း ၂ ကျောင်းနဲ့ ဘုန်းကြီးကျောင်း ၂ ကျောင်းတို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – TNLA