ပျူစောထီးစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ပြီး ခေါင်းဆောင်အပါအဝင် ၁၉၀ ကျော် ဖမ်းမိထား

Author CJ Platform
Categories
Published on Aug 21, 2025

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ရှိ ထော်သာပျူစောထီးစခန်းကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

 

စခန်းသိမ်းတိုက်ပွဲအတွင်း ပျူစောထီးခေါင်းဆောင် အဲပန်အပါအဝင် ပျူစောထီးနဲ့ မိသားစုဝင် ၁၉၀ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ၆၀ မမ ၊ RPG အပါအဝင် လက်နက်မျိုးစုံ ၂၃ လက်၊ ခဲယမ်းတွေနဲ့အတူ ငွေကျပ် သိန်း ၁၅၀ ကျော်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ NUG MoD က ထုတ်ပြန်ထားတာပါ။

 

တိုက်ပွဲအတွင်း စစ်အုပ်စုတက်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့သလို ပျူစောထီးအဖွဲ့ဝင် ၂၀ လောက် ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။

 

စစ်အုပ်စုက Yak-130 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ရေယာဉ်တွေကနေ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်အုပ်စုသင်္ဘောကနေ အင်အား ၁၃၀ ခန့်နဲ့ တောင်အင်းရွာက အင်အား ၅၀ ခန့်ဖြင့်ပါ စစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။

 

စစ်အုပ်စုက လေကြောင်း၊ ရေကြောင်းနဲ့ စစ်ကူစစ်ကြောင်းတွေနဲ့ပါ တိုက်ခိုက်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထော်သာပျူစောထီးစခန်းကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

ဓာတ်ပုံ – NUG

 

Related News

Depend on news