အိုးဘိုထောင် ဗုံးကြဲခံရမှု တကယ်ဖြစ်ခဲ့လား

မန္တလေးအိုးဘိုအကျဉ်းထောင် Drop Bomb ချခံရပြီး နိုင်ငံရေးအကျဉ်းသား ၁၇ ဦးအပါအဝင် ၂၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီ အမှန်တကယ် ဖြစ်ပွားခဲ့ခြင်းရှိမရှိ အငြင်းပွားမှုတွေ ရှိနေပါတယ်။
ဩဂုတ် ၈ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်မှာ အမျိုးသားဆောင် အဆောင် ၄ နဲ့ အဆောင် ၆ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးခဲ့ကြောင်းနဲ့ သေဆုံးခဲ့သူ ၁၇ ဦးရဲ့စာရင်းကိုလည်း PPNM က နာမည်နဲ့တကွ ထုတ်ပြန်ထားပါတယ်။ မန္တလေးမြို့ခံတွေနဲ့ မန္တလေးဒေသခံ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက တော့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အတည်မပြုကြပါဘူး။
“ နိုင်ကျဉ်းတွေက မိသားစုဝင်တွေ ဒီရက်ပိုင်းကမှသူတို့တွေ ထောင်ဝင်စာတွေသွားတွေ့ထားကြတယ် သူတို့ဖြစ်တယ်ဆိုတဲ့ရက်ကသွားတွေ့တာလည်းရှိတယ် အဲ့ဒီနောက်ပိုင်းသွားတွေ့တာတွေလည်းရှိတယ် အဲ့တော့ သူတို့တွေက အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ မကြားခဲ့ဘူး၊ တကယ်လို့ အဲ့ဒီလိုဖြစ်တယ်ဆိုရင် အိုးဘိုထောင်ကလည်း ဟိုတောထဲမှာရှိတာမဟုတ်ဘူးလေ မန္တလေးမြို့ရဲ့ လူနေရပ်ကွက်ထဲမှာရှိတာ အဲ့ဒီတော့ ဒေသခံတွေအနေနဲ့ သေချာပေါက် သိနိုင်မယ်” လို့ မန္တလေး ဒေသခံ တစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒါပေမဲ့ တစ်ဖက်လည်း စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။ သေဆုံးတယ်ဆိုပြီး နာမည်စာရင်းတွေ ပျံ့နှံ့ထွက်ပေါ်လာချိန် ဒီအပေါ် စစ်အုပ်စုက အခွင့်ကောင်းယူပြီး နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်သတ်ဖြတ်မှုတွေ ဆက်လက်လုပ်ဆောင်လာကြမှာကိုလည်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက စိတ်ပူနေကြပါတယ်။ သေဆုံးစာရင်းထဲပါဝင်နေတဲ့ မိသားစုတွေကလည်း စိုးရိမ်ပူပန်မှုတွေရှိနေကြပြီး ထောင်ဝင်စာသွားရောက်တွေ့ဆုံမှုတွေ လုပ်ဆောင်ကြသလို အချို့ကလည်း ထောင်ဝင်စာတွေ့ရမယ့်ရက်ကို စောင့်ဆိုင်းရင်း စိတ်ပူပန်နေကြတယ်လို့လည်း သိရပါတယ်။
“အဖွဲ့အစည်းတစ်ခုက ထုတ်ပြန်တဲ့ နာမည်စာရင်းထဲမှာ သူ့သားနာမည်ပါနေတော့ ထောင်ထဲရောက်နေတဲ့ သားဖြစ်သူဆီကို စဉ့်ကူးမှာရှိနေတဲ့ သူ့အမေက တက်လာတယ်၊ သူက ကျန်းမာရေးမကောင်းဘူး။ အသက်က ၆၉ နှစ်ရှိနေပြီ။ သူ့သားကို ဘေးမသီရန်မခဘဲ တွေ့တော့မှ စိတ်အေးရတယ်လို့ ပြောတယ်” လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးကလည်း ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်ဆီ တိုက်ရိုက်ဆက်သွယ်နိုင်ဖို့အတွက် CJ Platform က ကြိုးစားနေဆဲ ဖြစ်ပါတယ်။
CJ Platform အနေနဲ့ ဂြိုလ်တုဓာတ်ပုံတွေနဲ့လည်း ဖြစ်စဉ် မဖြစ်ပွားခင်နဲ့ ဖြစ်ပွားပြီးနောက် အခြေအနေတွေကို တိုက်ဆိုင်စစ်ဆေးခဲ့ပါတယ်။ နှိုင်းယှဉ်ချက်အရ အိုးဘိုထောင် အဆောင်အဦးတွေဟာ ကြီးမားတဲ့ ထိခိုက်ပျက်ဆီးမှုတွေနဲ့ ကြီးမားမား အပြောင်းအလဲ ရှိခဲ့တာမျိုးမတွေ့ခဲ့ရပါဘူး။ ဒါ့ကြောင့် ဒရုန်းနဲ့ ဗုံးကြဲမှုဖြစ်စဉ် က တော့ ဖြစ်နိုင်ခြေနည်းပါးတာကိုတွေ့ရပါတယ်။
ဂြိုလ်တု ဓာတ်ပုံ ၂ ပုံ နှိုင်းယှဉ်ချက်ကို အောက်ပါ ကွန်းမန့် Link ကတဆင့် ကြည့်ရှူနိုင်ပါတယ်။
ဒရုန်းကျွမ်းကျင်သူ တော်လှန်ရေးအဖွဲ့အစည်းက အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးကလည်း “ထောင်ကို ဒရုန်းနဲ့ဗုံးကြဲဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နှစ်ဖက်စလုံးကလည်း လက်ရှိမှာ လုပ်မှာမဟုတ်ဘူး။ တော်လှန်ရေးအဖွဲ့တွေဘက်ကတော့ ဒရုန်းကို အဲ့နေရာအထိ သွားဖို့ဆိုတာ ခက်ခဲလွန်းတယ်” လို့ CJ Platform ကို ပြောပါတယ်။
PPMN က Drop Bomb ၃ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဩဂုတ် ၁၆ ရက်က ထုတ်ပြန်ပြောဆိုခဲ့ပေမဲ့ ဒီနေ့ ဩဂုတ် ၂၀ ရက် CJ Platform ရဲ့မေးမြန်းမှုကိုပြန်လည်ဖြေကြားရာမှာတော့ ဒရုန်းတိုက်ခိုက်မှုနဲ့ပတ်သတ်ပြီး အတည်မပြုပါဘူး။
“ကျနော်တို့ အခုသိထားတာကတော့ ပေါက်ကွဲမှုကြောင့်ပဲသေဆုံးတယ် ဒရုန်းကခက်တာက ကျနော်တို့အဖွဲ့အစည်းက ဝင်ရောက်ကြည့်ရှူခွင့်ရတဲ့ အဖွဲ့အစည်းမဟုတ်ဘူး၊ ဒရုန်းကို ကျနော်တို့အဖွဲ့အစည်းကတော့ မျက်မြင်ကိုယ်တွေ့ မြင်တွေ့ရတဲ့အဖွဲ့အစည်း မဟုတ်ဘူး” လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
ဒါပေမယ့် ပေါက်ကွဲမှုတခုခုကြောင့် သေဆုံးရတာဖြစ်ပြီး သတင်းရင်းမြစ်တွေက ရရှိတဲ့ အချက်အလက်တွေကိုလည်း သေချာစစ်ဆေးအတည်ပြုပြီးမှထုတ်ပြန်ထားတာလို့ ဆိုပါတယ်။
“ဒီသတင်းကို သတင်းမှားဖြစ်တဲ့ပုံစံမျိုးကို စစ်တပ်ကိုယ်တိုင်သော်လည်းကောင်း စစ်တပ်နဲ့ နီးစပ်သူတွေကသော်လည်းကောင်းပေါ့ ဒီလိုမျိုးတွေဝါဒဖြန့်ရင်းမှ တဆင့်ဆင့်ဒီသတင်းကိုဖုံးဖို့ကြိုးစားနေတယ်လို့တော့ကျနော်တို့ကမြင်တယ် အဲ့ဒီတော့ သေဆုံးတာကတော့ ဗုံးကြောင့် သေဆုံးတာ ပေါက်ကွဲမှုကြောင့်သေဆုံးတာလို့တော့ ကျနော်တို့ကပြောချင်ပါတယ်” လို့ ကိုသိုက်ထွန်းဦးကပြောပါတယ်။
စစ်ကော်မရှင်ဘက်ကလည်း ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သတင်းမှားဖြစ်ကြောင်း သူတို့နဲ့ နီးစပ်တဲ့ မီဒီယာတွေမှာ ဖြေကြားထားပါတယ်။ လက်ရှိမှာတော့ အိုးဘိုအကျဉ်းထောင် ဗုံးကြဲခံရတဲ့ ဖြစ်စဉ်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အဖွဲ့ တခုတည်းကသာ အတည်ပြုထုတ်ပြန်ထားပြီး တခြားအရင်းအမြစ်တွေကတော့ အတည်နိုင်ခြင်းမရှိသေးပါဘူး။
နာမည်ဆိုးနဲ့ထင်ရှားတဲ့ အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသားအများအပြားရှိနေပြီး စစ်အုပ်စုနဲ့ လက်အောက်ခံ ထောင်ဝန်ထမ်းတွေရဲ့ လူ့အခွင့်အရေးချိုးဖောက် နှိပ်စက်မှုတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရရှိမှုတွေကြောင့် မန္တလေးဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။
မန္တလေးမြို့အနီး မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းတို့မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာတွေရှိနေပေမဲ့ အိုးဘိုထောင်ရှိရာ အောင်မြေသာဇံမြို့နယ်အပါအဝင် မန္တလေးမြို့ပေါ်ပိုင်းတွေကို စစ်အုပ်စုက အပြည့်အဝထိန်းချုပ်ထားပြီး လုံခြုံရေးကိုလည်း တင်းကြပ်ထားပါတယ်။