တာချီလိတ်မှာ အသက်၈နှစ်အရွယ် ကလေးတစ်ဦး အဓ္ဓမပြုကျင့်ခံရပြီး သတ်ဖြတ်ခံရ

Author CJ Platform
Categories
Published on Aug 05, 2025

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဇူလိုင်လ၃၀ရက်ကတည်းက ပျောက်ဆုံးနေတဲ့ အသက်၈နှစ်အရွယ်ကလေးငယ်ကို  အဓ္ဓမပြုကျင့်သတ်ဖြတ်ခံထားရပြီး ပုပ်ပွနေတဲ့ ရုပ်အလောင်းအနေနဲ့ မနေ့က ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေအရ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လ၃၀ရက်နေ့က တာချီလိတ်မြို့၊ ဟောင်လိတ် ဝမ်ဟောင်ရပ်ကွက်မှာ အဆိုပါ ကလေးငယ်ဟာ မိခင်အဝတ်လျှော်နေချိန်နေအိမ် အပြင်ဘက်ထွက် ကစားခဲ့ပြီးနောက် ပျောက်ဆုံးနေခဲ့တာ ဖြစ်တယ်လို့ ရှမ်းအရှေ့သတင်းမဏ္ဍိုင်က ဖော်ပြထားပါတယ်။

 

အဲဒီနောက်မနေ့ ဩဂုတ် ၄ရက်နေ့မှာ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းအုပ်စု၊ နမ့်လွတ်အာခါရွာအနီး မယ်ဟုတ်ချောင်းကနေ မဲခေါင်မြစ်ကို စီးဆင်းတဲ့ ချောင်းဆုံအနီးမှာ အလောင်းပြန်ရှာတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

 

“ကလေးအလောင်းကပျောက်တာကြာပြီ။ စော်ကားပြီးသတ်ခံရတယ်ဆိုတာ မိဘတွေလည်း ဒီကနေ့မနက်ပိုင်းမှ သိရတာ။ ကလေးအလောင်းက ပြန်တွေ့တွေ့ချင်း ပုပ်ပွနေတာပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

လက်ရှိမှာတော့ အဆိုပါကလေးကို အဓ္ဓမပြုကျင့်ပြီးသတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး စစ်ဆေးနေတယ်လို့ ရှမ်းအရှေ့ သတင်းမဏ္ဍိုင်မှာ ဖော်ပြထားပါတယ်။

 

ကျူးလွန်သူလို့ စွပ်စွဲခံရသူရဲ့ ထွက်ဆိုချက်အရ ကလေးကို မုန့်ဝယ်ကျွေးမယ်ဆိုပြီး လိမ်ခေါ်သွားကာ အဓ္ဓမပြုကျင့်ခဲ့တာဖြစ်ကြောင်းနဲ့  ကလေးဘက်က အော်ဟစ်အကူညီတောင်းချိန် အသံမထွက်ဖို့ လည်ပင်းကို ညှစ်ခဲ့ရာကနေ လက်လွန်ပြီး သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

 

ဓာတ်ပုံ – ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်း

 

Related News

Depend on news