ကျောက်ကြီးမှာ ရေကြီးမှုကြောင့် ကျေးရွာ ၈၀ နစ်မြုပ်ပြီး လူဦးရေ ၂၈,၀၀၀ ကျော် ရေဘေးသင့်

Author CJ Platform
Categories
Published on Aug 05, 2025

ကရင်ပြည်၊ ညောင်လေးပင်( ခလယ်လွီထူ)ခရိုင်၊ ကျောက်ကြီး(လယ်ဒို)မြို့နယ်အတွင်း ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ စစ်တောင်းမြစ်ရေလျှံမှုတွေကြောင့် ကျေးရွာပေါင်း ၈၀ ရေနစ်မြုပ်ခဲ့ပြီး ဒေသခံ ၂၈,၀၀၀ ကျော် ရေဘေးဒုက္ခနဲ့ ကြုံတွေ့နေရတယ်လို့ ကေအဲန်ယူ-ဗဟိုရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

ရေကြီးရေလျှံမှုတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့ကတည်းက စတင်ခဲ့ပြီး ကျေးရွာအုပ်စု ၂၄ စုက ကျေးရွာပေါင်း ၈၀ မှာရှိတဲ့ အိမ်ခြေ ၅,၄၀၀ ကျော် ရေလွှမ်းမိုးခဲ့တာလို့ ဆိုပါတယ်။

ရေဘေးကြောင့် ဒေသခံတွေရဲ့ အဓိကစိုက်ပျိုးမြေဖြစ်တဲ့ လယ်ဧက ၃၀,၀၀၀ ကျော်လည်း ရေအောက်ရောက်ရှိကာ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

 

လက်ရှိအချိန်အထိ ရေကြီးမှုတွေဟာ ဆက်လက်ဖြစ်ပွားနေပြီး ဒေသတွင်းက စာသင်ကျောင်း ၃၇ ကျောင်းကိုလည်း သင်ကြားရေးတွေ ယာယီရပ်နားထားကာ ပိတ်ထားရတယ်လို့ ထုတ်ပြန်ထားတာပါ။

 

ရေနစ်မြုပ်နေတဲ့ ကျောင်းတွေထဲ အထက်တန်းကျောင်းတစ်ကျောင်း၊ အလယ်တန်းကျောင်း ၅ ကျောင်းနဲ့ မူလတန်းကျောင်း ၃၁ ကျောင်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

လက်ရှိမှာ ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေပြီး စိုက်ပျိုးရေးလုပ်ငန်းတွေမှာလည်း ကြီးမားတဲ့ ထိခိုက်ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

 

ပဲခူးတိုင်းအရှေ့ခြမ်းရှိ တောင်ငူခရိုင်အတွင်းမှာလည်း ရေစီးနှုန်းတွေ ရပ်တန့်နေပြီး လာမယ့် ဩဂုတ်လ ၁၈ ရက်နေ့အထိ မြစ်ရေကြီးမှုသတ်မှတ်ချက် အနီရောင်အဆင့်အဖြစ် သတ်မှတ်ထားတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

မိုးလယ်ကာလကုန်ဆုံးချိန် ဩဂုတ်လ ၃၁ ရက်နေ့အထိ နေရာကွက်ပြီး မိုးသည်းထန်နိုင်တာ၊ မိုးရေချိန်များနိုင်တာ၊ ရုတ်တရက်ရေကြီးတာတွေဖြစ်နိုင်တာကြောင့် သတိရှိရှိ နေထိုင်ဖို့ကိုလည်း ဦးဝင်းနိုင်က တိုက်တွန်းထားပါတယ်။

 

ဓာတ်ပုံ – KNU

 

 

 

Related News

Depend on news